DVB Logo
Home
Lead Story
တော်လှန်ရေး၊ လူ့အခွင့်အရေးနဲ့ ဒလန်ပြဿနာ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
December 7, 2022
တော်လှန်ရေး၊ လူ့အခွင့်အရေးနဲ့ ဒလန်ပြဿနာ (သူ့အတွေး သူ့အမြင် – Op-Ed)
Donate to DVB

ဒလန်ပြဿနာက လိုအပ်ချက်များလွန်းနေသေးတဲ့ နွေဦးတော်လှန်ရေးအတွက် စဉ်းစားစရာကိစ္စ ဖြစ်နေဆဲပါ။ အကြမ်းအားဖြင့်ပြောရရင် လူ့အခွင့်အရေးဆိုင်ရာ တရားမျှတမှု အခြေခံတွေအရ ဒလန်သတင်းပေးကို သတ်လို့မရဘူးဆိုတာနဲ့ တော်လှန်ရေးရဲဘော်တွေကို အဆုံးရှုံးခံမှာလားဆိုတဲ့ မေးခွန်းနှစ်ခု လွန်ဆွဲနေတယ်။ ဒလန်သတင်းပေးရဲ့ စိမ့်ဝင်လက်လှမ်းမီမှု ကြီးမားလေလေ ဒီတော်လှန်ရေးကို မြန်မြန်နဲ့ များများ အဆိပ်တက်စေနိုင်လေဆိုတာလည်း တွေးကြည့်လို့ရတယ်

အရင်ဆုံး ဒလန် စကားလုံးကို လေ့လာစဥ်းစားကြပါစို့။ ‘ဒလန်’ က ဟိန္ဒီစကားဖြစ်တဲ့ ‘ဒလာလ်’ ကနေလာပြီး ‘တစုံတယောက်၏ အကျိုးအတွက် အခြားသူကို လှည့်ဖြား၍ ဆောင်ရွက်ပေးသူ’ လို့ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှာ ပထမအကြိမ် ပုံနှိပ်ခဲ့တဲ့ မြန်မာ့ခရီးဆောင်အဘိဓာန်ရဲ့ စာမျက်နှာ ၁၅၀ မှာ ဖော်ပြထားတယ်။

တဆက်တည်းမှာပဲ လက်ရှိ ပြည်တွင်း လက်တွေ့အခြေအနေအရ အများသူငါ နားလည်လက်ခံထားတဲ့ ‘ဒလန်’ ကို စဥ်းစားကြည့်မိတယ်။ အာဏာသိမ်းခါစလ တချို့တုန်းက နေထိုင်ရာ ရပ်ကွက် မြို့နယ်အလိုက် ည ၇ နာရီ၊ ၈နာရီဆို စပြီး ဘက်ကင်းစောင့်ခဲ့ကြရတယ်။ အဲဒီအချိန်တုန်းက ရပ်ကွက်တွေထဲ ပြေးကြ လိုက်ကြရတာတွေ မကြာမကြာရှိခဲ့ပြီး တချို့နေရာတွေမှာလည်း မိကြတယ်ပေါ့လေ။ စုစည်းနေတဲ့ ရပ်ရွာသားတွေကို မသမာတဲ့ ရည်ရွယ်ချက်နဲ့ ညရေးညတာ အနှောင့်အယှက် ပေးခဲ့တဲ့သူတွေ၊ လူတွေကြားထဲစိမ့်ဝင်ပြီး ပြဿနာဖန်တီးသူတွေကို အဲဒီတုန်းက အရပ်ထဲ ခေါ်ခဲ့ကြတာ ဒလန်ပါ။ နောက်တော့ သံပုံးတီးတဲ့အိမ်တွေ၊ CDM တွေ၊ ပြောက်ကျားသပိတ်လူငယ်တွေ၊ မြို့ပြပြောက်ကျားတွေ ရပ်ကွက်ထဲရှိတယ်ဆိုပြီး စစ်တပ်ကို သတင်းပေးတဲ့သူတွေက ဒလန်ဆက်ဖြစ်လာတယ် ပြောရမယ်။ အခုဆို တော်လှန်ရေး ဘက်တော်သား အကြောင်းအရာ အချက်အလက်တွေကို စစ်တပ်ဘက်ဆီ သူလျှိုလိုနေပြီးဖြစ်စေ၊ ပေါ်တင်ဖြစ်စေ သတင်းပေးတဲ့သူကို ဒလန်လို့ အများက လက်ခံထားကြပြီ ဆိုရမယ်။

ဒါဆို ဘာလို့ ဒလန်ရှင်းလင်းရေးကို စိတ်ပူနေတာလဲလို့ မေးလာရင် ရှင်းပါတယ်။ အဆင်ခြင်မဲ့ တရားလက်လွတ် သတ်ဖြတ်ခြင်းဆိုတာကို ကျနော်တို့ လိုက်လုပ်မိလို့ မဖြစ်လို့ပါ။ တော်လှန်ရေးနဲ့ ဆက်စပ်လှုပ်ရှားမှုတွေမှာ မှားယွင်းသတ်ဖြတ်မိမှုတချို့ ရှိတာကိုလည်း လွတ်လပ်တဲ့ သတင်းမီဒီယာ ဖော်ပြမှုတွေမှာ ကျနော်တို့ မြင်တွေ့ရပြီးပြီ။ ဖက်ဆစ်စစ်တပ် ကျူးလွန်တဲ့ပမာဏနဲ့ ယှဥ်ရင် မပြောပလောက်တဲ့ ပမာဏပါလို့ ပြန်ထောက်ချင်သူများ သတိချပ်စေလိုပါတယ်။ ပုံဖျက်ဖို့ ကြိုးစားနေသူတွေ ရှိနေချိန်မှာ ကိုယ်ကိုယ်တိုင်က ပုံမဖျက်မိဖို့ အရေးကြီးပါတယ်။ ကျနော်တို့ ဖက်ဆစ်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကို ဒီလိုကိစ္စမှာ နှိုင်းယှဥ်ပြောနေလို့ပင် မဖြစ်ပါ။ နောင်တချိန် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု အစီအစဥ်တွေမှာ ဒီကိစ္စက တော်လှန်ရေးရဲ့ အခြေခံဖြစ်တဲ့ တရားမျှတမှုကနေ ကင်းကွာမနေဖို့၊ ရှေ့နောက်ညီနေဖို့ အရေးကြီးတာ ကျနော်တို့ အမြဲနားလည်နေကြရမယ်။

ဆောင်ပါးအစမှာ ဖော်ပြခဲ့တဲ့ ဒလန်သတင်းပေးကို သတ်လို့မရဘူး ဆိုတာနဲ့ တော်လှန်ရေးရဲဘော်တွေကို အဆုံးရှုံးခံမှာလား ဆိုတာကို အရင်းတည်ပြီး ဆောင်းပါးရှင်ရဲ့ စဥ်းစားချက်တွေကို စပြီး ဆွေးနွေးတင်ပြပါရစေ။ လက်ရှိ ဖက်ဆစ်စစ်တပ် အာဏာသိမ်းမှု မအောင်မြင်ရတာ နိုင်ငံရေးဖိအားနဲ့ စစ်ရေးတုံ့ပြန်မှုဆိုတဲ့ နှစ်ခုပေါင်း တော်လှန်ရေးကြောင့်ပါ။ သတင်းပေး ဒလန်ဆိုတာတွေက လက်ရှိမှာ တော်လှန်ရေးလှုပ်ရှားမှုနဲ့ အင်အားတွေကို လက်ငင်းထိခိုက်နစ်နာစေတယ်။ တော်လှန်ရေးက game ပွဲသဖွယ်ပါပဲ။ လူအင်အားအရင်းအမြစ်၊ ဓနအင်အားအရင်းအမြစ်၊ အချိန်အရင်းအမြစ် ရှိသလောက်ကနေ ဆင်နွှဲရတာ ဖြစ်နေတယ်။ အကန့်အသတ်နဲ့ တိုရေရှားရေဖြစ်မှုကို တော်လှန်နေတဲ့ ပြည်သူတွေရော၊ ရဲဘော်တွေရော၊ မဆိုင်သလို နေနေကြသူတွေပါ ခံစားကြရတယ်။ ပိုဆိုးတဲ့ အပိုပေးထားချက်က ကမ္ဘာ့နိုင်ငံရေးကလည်း မြန်မာနိုင်ငံရဲ့ တော်လှန်ရေး အမှန်တကယ် အကူအညီဖြစ်အောင် ထောက်ပံ့ပေးနိုင်တာမျိုး မရှိသေးတာကို အခု တနှစ်နဲ့ ၁၀ လအကြာမှာ ကောင်းကောင်းသိရှိနိုင်တယ်။ ‘ငါတို့မှာ ငါတို့ပဲရှိတယ်’ လို့ ပြောလာကြရတဲ့အထိ ကိုယ့်အားကိုယ်ကိုး ကိုယ့်ရှိသမျှအားနဲ့ တော်လှန်ပြီး အနာဂတ်ကို ရည်မှန်းနေကြရတဲ့ မြန်မာပြည်သူတွေအတွက် ဒီ ကျစ်ကျစ်ပါအောင် ဆုပ်ထားရတဲ့ တော်လှန်ရေးအပေါ် ထိခိုက်စေတဲ့ ဒလန်သတင်းပေးကို အရေးမယူဘဲ၊ တစုံတရာ မဆောင်ရွက်ဘဲ အဆင်မပြေနိုင်ဘူး ဆိုတာကို ဆောင်းပါးရှင် နားလည်ထားတယ်။

လက်ရှိ တော်လှန်ရေးကို မထိခိုက်ဖို့ရော၊ လူ့အခွင့်အရေးဆိုင်ရာ တရားမျှတမှု အခြေခံကနေရော၊ ပြီးတော့ နောင်တချိန် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု အစီအစဥ်တွေ အတွက်ရော အကောင်းဆုံး ထိန်းညှိလှုပ်ရှားနိုင်မယ့် အချက် ၃ ချက်ကို အောက်ဖော်ပြပါတွေအတိုင်း စဥ်းစားမိတယ်။

၁။ စစ်တပ်ရဲ့ ဒလန်သတင်းပေး ဟုတ် မဟုတ် အတည်ပြုခြင်း

တရားမျှတမှုအခြေခံကနေ အကာအကွယ်ပေးမယ်ဆိုတဲ့ တရားဥပဒေစိုးမိုးမှု သဘောတရားအရ ပျော့ပျောင်းစွာဖြစ်စေ၊ ပြင်းထန်စွာဖြစ်စေ ဒလန်သတင်းပေးမဟုတ်ဘဲ အရေးမယူမိဖို့က ဒလန်သတင်းပေးအစစ်ကို ဖမ်းမိမှုထက် ပိုဦးစားပေးထားနိုင်ရမယ်။ Non CDM ဖြစ်ရုံ၊ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ရုံ၊ စစ်တပ်ထောက်ခံသူလို့ ပတ်ဝန်းကျင်က ပြောရုံသက်သက်နဲ့ ဒလန်သတင်းပေးလို့ သတ်မှတ်ဖို့က အန္တရာယ်များလှပါတယ်။ လုံလောက်တဲ့ ပတ်သက်ဆက်ဆံနေမှု၊ ဆက်သွယ်နေမှုကို တော်လှန်ရေးဘက်က ထောက်လှမ်း အတည်ပြုနိုင်မှ တော်ကာကျမယ်။ ဒလန်သတင်းပေးဖြစ်တယ်လို့ အမှန်တကယ် အချက်အလက် စုဆောင်းအတည်ပြုနိုင်ပြီးမှ သက်ဆိုင်ရာ လှုပ်ရှားရာနယ်မြေရဲ့ ဖြစ်နိုင်ခြေအလိုက် တစုံတရာ အရေးယူဖို့ စစီစဥ်ချိန်ဆရမယ်။

၂။ ဒလန်သတင်းပေးကို ရှင်းလင်းအရေးယူရခြင်းမှ အတတ်နိုင်ဆုံးလျှော့ချခြင်း

ဒီဒုတိယအဆင့်က ရှေ့အဆင့်နဲ့ ကောင်းကောင်းကြီး ဆက်စပ်နေပါတယ်။ ဒလန်သတင်းပေးဖြစ်ကြောင်း အတည်ပြုနိုင်ပြီးမှ အရေးယူဖို့ စဆောင်ရွက်တယ်ဆိုတဲ့ အခြေအနေမှာ လှုပ်ရှားရာနယ်မြေအလိုက် ဒလန်သတင်းပေးကို ရှင်းလင်းအရေးယူရခြင်းကနေ အတတ်နိုင်ဆုံး လျှော့ချခြင်းက ကွာခြားနိုင်တယ်။ စိုးမိုးနယ်မြေ ထူထောင်ထားနိုင်တဲ့ နေရာတွေမှာ ‘တိတိကျကျ အတည်ပြုပြီးသား’ ဒလန်သတင်းပေးကို ထိန်းသိမ်းထားဖို့က ဖြစ်နိုင်နေလို့ပါ။ စိုးမိုးနိုင်မှု မတည်ငြိမ်သေးတဲ့ ဒေသတွေဆိုရင် နောက်တန်းကတဆင့် ခြေကုပ်ယူမှုအားကောင်းတဲ့ သက်ဆိုင်ရာ မဟာမိတ်တပ်ကြီးတွေရဲ့ နယ်မြေကို ပို့ဆောင်ထိန်းသိမ်းနိုင်တယ်။ ရွှေ့ပြောင်းသယ်ဆောင်ရတဲ့ အခက်အခဲ၊ ထိန်းသိမ်းထားရမယ့် အခက်အခဲတွေက ရှိကိုရှိမှာပါ။ မဖြစ်မနေ လုပ်နိုင်ဖို့ကလည်း လိုအပ်နေတာပါ။ မဟုတ်ရင် ရှင်းလင်းပစ်ရမှုကို ပိုဖြစ်စေနိုင်တယ်။ အခုရှုပ်မှ နောင်ရှင်းမယ်ဆိုတဲ့ သဘောလိုပါပဲ။

၃။ တရားဝင်စုဖွဲ့မှုကနေ တရားဝင်အရေးယူမှုအဖြစ် ပုံဖော်ခြင်း

ဒီ နံပါတ် ၃ အချက်က ၁ နဲ့ ၂ ကို ပိုတိုးတက်စေမယ့်ကိစ္စပါ။ တရားဝင်စုဖွဲ့မှုဆိုတာ မဟာမိတ်ဖြစ်ကြောင်း ကြေညာတာထက်ပိုတဲ့ စုပေါင်းမှုကို ဆိုလိုခြင်းဖြစ်ပါတယ်။ စစ်ရေးအရ တပ်ပေါင်းစုဖွဲ့တာကနေ အင်အားစုအများအပြားကြား ဥပဒေတွေနဲ့ အချင်းချင်း အာမခံစည်းနှောင်မယ့် နိုင်ငံရေးဖွဲ့စည်းပုံရေးဆွဲပြီး ထူထောင်နိုင်တဲ့ ပိုတရားဝင်လာဖွယ်ရာရှိတဲ့ အစိုးရအဖွဲ့အထိ ဆိုလိုတာပါ။ ဒီလိုဆိုရင် အရေးပေါ်ကာလ အခြေအနေမှာ တရားဥပဒေစိုးမိုးမှု ဖော်ဆောင်နိုင်ဖို့ တရားဝင်လုပ်ငန်းစဥ်အရ ထောက်လှမ်းအတည်ပြုပြီး တရားဝင်အရေးယူမှုအဖြစ် မှတ်တမ်းပြုစုထားနိုင်တယ်။ ဒီဟာက ထိန်းသိမ်းရမှု အခက်အခဲနဲ့ ခိုင်မာတဲ့ဒေသတွေဆီ ရွှေ့ပြောင်းသယ်ဆောင်ရင်း ထိန်းသိမ်းရတဲ့ အခက်အခဲလိုဟာတွေကို တရားဝင်စုစည်းမှုကနေ ဖော်ဆောင်တာ ဖြစ်တဲ့အတွက် ပိုတွင်ကျယ်စေနိုင်တယ်။ နောက်ပြီး လက်ရှိအရတော့ မြို့ပြပြောက်ကျားတွေအတွက် ၂ က မဖြစ်နိုင်ပါဘူး။ မြို့ပြမှာ အတတ်နိုင်ဆုံး စစ်ဘက်ဆိုင်ရာ ပစ်မှတ်ကိုသာ ဦးစားပေးထားသင့်ပြီး ဒလန်သတင်းပေးကို ‘တကယ်တိတိကျကျ အတည်ပြုနိုင်မှသာ’ အရေးယူဖို့ စီစဥ်သင့်တယ်။ မြို့ပြပြောက်ကျားတွေအတွက် ဒီ ကိုင်တွယ်ရခက်စေမယ့် အခြေအနေကို နံပါတ်သုံးအချက်နဲ့ နံပါတ်တစ်အချက် ပေါင်းစပ်နိုင်ရင် နောင်ရေးအတွက် စိတ်အေးလို့ရဖွယ်ရာရှိတယ်။

အခုဆွေးနွေးတင်ပြတာတွေကို စဥ်စားကြည့်ဖို့ နေနေသာသာ ရှိပြီးသား မြေပြင်က အဖွဲ့တွေကို အကြောင်းအမျိုးမျိုးနဲ့ စုစည်းမရတာ၊ လက်နက်ခဲယမ်း မလုံလောက်တာ၊ အနေအစားနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေတင် ခက်ခဲနေတာနဲ့ နယ်မြေတွေ ထိန်းထားနိုင်ဖို့ ခက်ခဲတဲ့ ဒေသတွေတောင် ရှိနေတာကို ဆောင်းပါးရှင် သိရှိပါတယ်။ စနစ်မကျတဲ့ နိုင်ငံရေးဦးဆောင်မှုတွေရဲ့ အကျိုးဆက်က မြေပြင်မှာ စနစ်တကျ စုစည်းမရခြင်းကို တိုက်ရိုက်ရော သွယ်ဝိုက်ပါ သက်ရောက်စေနေတာလို့ ကြုံတုန်း ဝေဖန်ခဲ့ပါရစေ။ စနစ်တကျ စုစည်းမရတော့ စစ်တပ်ရဲ့ ထိုးစစ်တွေကို စနစ်တကျခုခံဖို့ ခက်ခဲနေတာပေါ့ဗျာ။

အုမ်းမောင်  (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013