DVB Logo
Home
နိုင်ငံတကာ
ကုန်သင်္ဘောများအတွက် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဟု အမေရိကန်နှင့် အီရန် အတည်ပြု
DVB
·
June 24, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကမ္ဘာ့အရေးပါဆုံး စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား ကို ကုန်သွယ်ရေးသင်္ဘောတွေ ဖြတ်သန်းသွားလာနိုင်ဖို့ အပြည့်အဝ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်နဲ့ အီရန်တို့က ဇွန် ၂၃ ရက်မှာ သီးခြားစီ အတည်ပြုလိုက်ပါတယ်။

ကာတာနဲ့ ပါကစ္စတန်တို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ ဆွစ်ဇာလန်အလယ်ပိုင်းမှာ ၂ နိုင်ငံ ကိုယ်စားလှယ်တွေ ပထမအကျော့ ဆွေးနွေးပွဲအပြီးမှာ ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

အခုဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့အပတ်က အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပြီး နောက်ပိုင်း နှစ်ဖက်ကိုယ်စားလှယ်တွေ ဆွစ်ဇာလန်နိုင်ငံ၊ ဘာဂန်စတော့ခ် တောင်ပေါ် အပန်းဖြေ စခန်းမှာ တနင်္ဂနွေနေ့ကစပြီး ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

MoU သဘောတူညီချက်အရ နှစ်ဖက်စလုံးက လက်ဘနွန် အပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းနဲ့ အပြီးတိုင် ရပ်စဲဖို့နဲ့ ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံး ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် ဆွေးနွေးသွားဖို့ ကတိပြုထားကြပါတယ်။

ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် အလီဘာရိန်နီက ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောတွေအတွက် အခွန်အခမယူဘဲ အပြည့်အဝ ဖွင့်ပေးထားတယ်လို့ ကြေညာ ပါတယ်။

သင်္ဘောတွေ ဘေးကင်းကင်း ဖြတ်သန်းနိုင်ဖို့ နှစ်ဖက် ဆက်သွယ်ရေးလိုင်းတခု ထူထောင်ထားပြီး ရက် ၆၀ ပြည့်ရင် အခြေအနေကို ပြန်သုံးသပ်မှာပါ။

တချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း အီရန်ဘက်က နျူကလီးယား စစ်ဆေးမှုကို အဆင့်မြင့်ဆုံး ခွင့်ပြုတာ အပါအဝင် အလျှော့ပေးမှုတွေ လုပ်ခဲ့တာကြောင့် ရေလက်ကြားကို ထပ်ပြီး ပိတ်ဆို့တာမျိုး မလုပ်ဘဲ ဆက်ဖွင့်ခွင့်ပြုမှာ ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အီရန်နဲ့ အိုမန်နိုင်ငံတို့ကလည်း ရေလက်ကြား ဘေးကင်းရေးကို ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ရေလမ်းကြောင်းဆိုင်ရာ စီစဉ်လုပ်ဆောင်မှုမှန်သမျှဟာ သူတို့ရဲ့ အချုပ်အခြာအာဏာနဲ့ အခွင့်အရေး ကို အပြည့်အဝ လေးစားရမယ်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

ရေလမ်းကြောင်း စီမံခန့်ခွဲမှုနဲ့ ဝန်ဆောင်မှုစရိတ်တွေအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အချင်းချင်း ပူးတွဲအလုပ်အဖွဲ့နဲ့ ဆက်ပြီး ညှိနှိုင်းသွားမှာပါ။

ပင်လယ်ရေကြောင်း လေ့လာဆန်းစစ်တဲ့ ကက်ပလာ အဖွဲ့ရဲ့ အချက်အလက်အရ တနင်္လာနေ့က ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘော အနည်းဆုံး ၃၆ စီး ဖြတ်သန်းခဲ့လို့ စစ်ပွဲစတင်ခဲ့တဲ့  ဖေဖော်ဝါရီလ နောက်ပိုင်း တရက်အတွင်း သွားလာမှု အများဆုံးစံချိန် ဖြစ်ခဲ့ပါတယ်။

ဒါဟာ ငြိမ်းချမ်းချိန်က တရက်ကို ပျမ်းမျှ သင်္ဘောအစီး ၁၂၀ စီ သွားလာနိုင်တဲ့ ပုံမှန်အခြေအနေရဲ့ သုံးပုံတပုံနီးပါး ပြန်ရောက်လာတာပါ။

အင်္ဂါနေ့မှာလည်း ပါရှန်းပင်လယ်ကွေ့ထဲ သောင်တင်နေတဲ့ တစီးကို ရေနံစိမ်းစည်ပေါင်း ၂ သန်းစီ တင်ဆောင်ထားတဲ့ စူပါရေနံတင်သင်္ဘောကြီး ၂ စီး ထပ်မံဖြတ်သန်းသွားခဲ့ပါတယ်။

အခုလို ရေကြောင်းသွားလာရေးမှာ တိုးတက်မှုတွေ ရှိနေပေမဲ့ အီရန်က အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အပြည့်အဝ စစ်ဆေးမှုကို တကယ်ပဲ သဘောတူသလား ဆိုတာနဲ့ အီရန်ရဲ့ ပိတ်ဆို့ခံထားရတဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လိုနေရာတွေမှာ သုံးမလဲဆိုတဲ့ အချက်တွေအပေါ် အမေရိကန်နဲ့ အီရန်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013