DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင်ခရိုင်အတွင်း ပြည်သူ ၂၀,၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်
DVB
·
December 6, 2022
လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင်ခရိုင်အတွင်း ပြည်သူ ၂၀,၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်
Donate to DVB

ကေအန်ယူနယ်မြေ ညောင်လေးပင်ခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်း ၃ ခု အတိုက်ခံရပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေပါ ထပ်မံလုပ်ဆောင်လာတဲ့အတွက် ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်တွေက ဒေသခံပြည်သူတွေ ၂၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင် အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီရဲ့ သံဆိပ်စခန်း၊ ဘောကထာစခန်းနဲ့ တုံးတံတားစခန်းတွေကို တရက်တည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၇၊ တပ်ရင်း ၉၊ Federal wings drone ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဒီဇင်ဘာ ၂ ရက်မှာ စစ်ကောင်စီတပ်တွေဟာ ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ် ၃ ခုမှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ထပ်မံပြုလုပ်ခဲ့ပါတယ်။

လေကြောင်းကနေ ရွှေကျင် (ဆောထိ) မြို့နယ် စော်သဲခီးကျေးရွာအုပ်စု ကဟီးဒေးကျေးရွာ အတွင်းကို ၂ ကြိမ်၊ လယ်ဝါးကျေးရွာအုပ်စု လယ်ဝါးကျေးရွာအတွင်းကို ၁ ကြိမ်၊ ကျောက်ကြီး (လယ်ဒို) မြို့နယ် ကွီးလားကျေးရွာအတွင်းကို ၁ ကြိမ် စုစုပေါင်း ဗုံး ၈ လုံး ကြဲချခဲ့ရာ ၅ လုံးသာ ပေါက်ကွဲခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀,၀၀၀ ကျော်ဟာ  ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရလို့ အခက်အခဲတွေနဲ့ ကြုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် ည ၈ နာရီခွဲလောက်မှာ ခမရ ၅၉၈ တပ်ရင်းကနေ ရွှေကျင် (ဆောထိ) မြို့နယ် ဇလုပ်ကြီးကျေးရွာအတွင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့သလို ဒီဇင်ဘာ ၃ ရက် မနက် ၂ နာရီကျော်လောက်က ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့ပါတယ်။

တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ် ၃ မြို့နယ်က အရပ်သားပြည်သူ ၁ သိန်းကျော်ဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်တာတွေ ဆက်လက်လုပ်ဆောင်လာမှာကို နေ့စဉ် စိုးရိမ်ထိတ်လန့်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့အာဏာ ဆက်လက်တည်မြဲရေးအတွက် ကိုယ်ကျိုးစီးပွား မဆုံးရှုံးရအောင် လက်ရှိလုပ်နိုင်သမျှ အကုန်လုပ်နေမှာပဲလို့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီးစောကလယ်ဒိုက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တပ်မဟာ ၃ နယ်မြေအတွင်းမှာ အထိနာလာတဲ့အတွက်  အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်းကို အင်အားတိုး စစ်ကြောင်းထိုးတာ၊ ဒရုန်းနဲ့ ကင်းထောက်လှမ်းပြီး ဗုံးကြဲတာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

တိုက်ပွဲတွေကြောင့် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ ကျော်ရှိပြီး မုန်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၁၈,၀၀၀ ကျော်အထိရှိနေရာက အခုဆိုရင် စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်ထပ်တိုးလာတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013