
မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ ကရင်နီပြည်နယ် တော်လှန်ရေး အင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအတွက် “Buddy ချီတက်၊ စစ်တပ်ပျက်” ရန်ပုံငွေကမ်ပိန်း စတင်နေပြီး အားလုံးပါဝင်နိုင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီကမ်ပိန်းကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က စတင်ခဲ့တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၆ ရက်အထိ သီတင်း ၃ ပတ်ကြာ ပြုလုပ်သွားမှာဖြစ်ကာ ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ ကရင်နီက ဦးဆောင်အဖွဲ့ UM2 ကို ၇၀ ရာခိုင်နှုန်းနဲ့ MOD-အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို ၃၀ ရာခိုင်နှုန်း ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။
ခွေးကလေး Buddy ကိုတော့ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ကရင်နီပြည်နယ်မှာ သေဆုံးသွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး ရာထူးအဆောင်အယောင် အပွင့်တွေကို လည်ပတ်မှာ ဆင်ပေးထားတဲ့ ဓာတ်ပုံတွေကတဆင့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားလာခဲ့တာပါ။
သူပတ်ထားခဲ့တဲ့ အဆောင်အယောင်တွေရဲ့ ပိုင်ရှင် ဒုဗိုလ်မှူးကြီးကတော့ ဖရူဆို-ဘောလခဲ လမ်းပိုင်း ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့အချစ်တော် တော်လှန်ရေးမင်းသားတလက်ဖြစ်တဲ့ အကယ်ဒမီ မင်းမော်ကွန်းက “ဇူလိုင်တုန်းက လိုင်းပေါ် ဟိုးလေးတကြော်ကြော် နာမည်ကြီးသွားတဲ့ကောင်ကြီး၊ ခုမှ သူ့ရဲ့ ဒုဗိုလ်မှူးကြီးလည်ပတ်ကို တော်လှန်ရေးရန်ပုံငွေ ရှာဖို့ ကံစမ်းမဲရောင်းမယ်တဲ့။ ဒီကောင့်အကြောင်း စုံစမ်းကြည့်တော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေပေါ် အတော်အကျိုးပြုတာပဲဗျ။ ရှေ့တန်း ဆေးတပ်သားဆိုလည်း မမှားဘူး။ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆေးအိတ်ထမ်းပြီး ဆရာဝန်တွေနဲ့အတူ ရှေ့တန်းထိ ဆေးကုသရာ လိုက်ကူတယ်ဗျ။ လက်နက်ကြီးကျရင်လည်း ရဲဘော်တွေ၊ ဆရာဝန်နဲ့ ဆေးတပ်သားတွေ၊ စစ်ဘေးရှောင် ပြည်သူတွေကို ဗုံးခိုကျင်းရှာပေးတာ၊ ဗုံးခိုကျင်းနေရာကို လမ်းပြတာတွေ လုပ်ပေးသေးတာတဲ့ .. ချစ်ဖို့မကောင်းဘူးလားဗျာ။ ကဲ… ဘက်ဒီကိုချစ်ရင် မဲဝယ်ပေးကြပါ 🦮🦮” လို့ တိုက်တွန်းထားပါတယ်။
ကံစမ်းမဲစနစ်နဲ့ ရောင်းချပေးသွားမယ့် ဒီကမ်ပိန်းမှာတော့ ကံစမ်းမဲတစောင်ဝယ်တိုင်း Ticket တစောင် ရရှိမှာဖြစ်ပြီး ဝယ်ယူထားတဲ့ အစောင်ရေတိုင်းအတွက် ကံစမ်းခွင့်ရရှိမှာဖြစ်ကာ ကံစမ်းမဲကို ဒီဇင်ဘာ ၁၈ ရက်မှာ Live လွှင့်ရင်း အနုပညာရှင်၊ ဆယ်လီတွေကတဆင့် မဲနှိုက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်တခုကတော့ တော်လှန်ရေးကာလ ပြီးမြောက်တဲ့အခါ NUG အစိုးရအနေနဲ့ “နွေဦးတော်လှန်ရေးပြတိုက်” ဖွင့်လှစ်သွားဖို့ရှိတာကြောင့် အဆိုပါပြတိုက်မှာ နွေဦးတော်လှန်ရေး အမှတ်တရအဖြစ် ဒါကို ပြသလှူဒါန်းချင်ရင်လည်း ကံထူးသူ အလှူရှင်နာမည်နဲ့ ပြသနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ကံစမ်းမဲလက်မှတ်ဈေးနှုန်းတွေအနေနဲ့ မြန်မာနိုင်ငံကဆိုရင် တစောင်ကို ကျပ် ၅၀,၀၀၀ နဲ့ အားပေးနိုင်မှာဖြစ်ပြီးတော့ ကျန်တဲ့ ဩစတြေးလျ၊ အမေရိကန်၊ အီးယူ၊ ဂျပန်၊ စင်ကာပူ စတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံက သက်ဆိုင်ရာ ငွေကြေးတွေနဲ့လည်း ပါဝင်နိုင်မှာဖြစ်သလို NUGPay နဲ့လည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။