DVB Logo
Home
Lead Story
သရေပွဲမရှိမယ့် တော်လှန်ရေး
DVB
·
December 4, 2022
သရေပွဲမရှိမယ့် တော်လှန်ရေး
Donate to DVB

အနိုင်နဲ့အရှုံး ဒီနှစ်မျိုးပဲရှိတဲ့ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်တော့မယ်။ ပေးဆပ်ရတာ တန်ဖိုးကြီးတယ်၊ ပြန်ရမှာလည်း တန်ဖိုးကြီးတယ်။ တနေ့နေ့ တချိန်ချိန် စစ်အုပ်စုကို ပြည်သူတွေက တော်လှန်မယ်ဆိုတာ စစ်အုပ်စုက ကြိုသိထားပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပြည်သူ့စစ်၊ တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်အဖွဲ့၊ ဘာသာရေး၊ စီးပွားရေး၊ လုပ်ပိုင်ခွင့်ကို အပြည့်အဝ အသုံးချပြီး ခေါင်းကိုင်ဘဘကြီးများက ကြိုတင်ပြင်ဆင် အကွက်ချထားခဲ့ကြတယ်။ ပြည်တွင်း၊ ပြည်ပ စိမ့်ဝင်ထားတဲ့ သူတို့လူတွေကို ဘယ်အကွေ့ရောက်ရင် ဘယ်တက်နဲ့လှော်မယ်ဆိုတာ အခွင့်အာဏာအတွက် အကွက်ကျကျ အစီအမံတွေ ပြုလုပ်ထားကြတာဖြစ်တယ်။

ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်၊ ဇာတ်ညွှန်းရေးထားပြီးသား ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အပါအဝင် သူတို့ဇာတ်ညွှန်းအတိုင်း ကနေကြတာဖြစ်တယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သူတို့ ၇၂ နာရီ၊ အာတူးပီ၊ ယူအမ်၊ အာဆီယံ ဗျူဟာတွေ စခင်းခဲ့ကြတယ်။ သူတို့ ဆိုက်ဝါးဗျူဟာကြားမှာ ပြည်သူတွေ ဒလိမ့်ခေါက်ကွေး မျောပါသွားတယ်။ ၇၂ နာရီကို ဒေါက်တာတေဇာဆန်းက ကိုင်လှုပ်လိုက်သလို အာတူးပီကို ဒေါက်တာဆာဆာက ကိုင်လှုပ်ခဲ့တယ်။ အဲ့ဒီနောက် ကိုမင်းကိုနိုင် ရှောင်ရင်းတိမ်းရင်း ပြေးရင်းပုန်းရင်း တော်လှန်ရေးအရှိန်ကို မြှင့်တင်ခဲ့တယ်။

မျိုးဆက်သစ် ဂျန်ဇီတွေရဲ့ နိုင်ငံချစ်စိတ်၊ ဖွံ့ဖြိုးတိုးတက်လိုတဲ့စိတ်၊ လူပီသစွာနေလိုတဲ့ စိတ်တွေက စစ်အုပ်စုကိုမျက်ဖြူစိုက်စေခဲ့တယ်။ ယူအန်က တောင်းဆို နေလှန်း တံခါးပိတ် တံခါးဖွင့်နဲ့ ဖောရှောလုပ်ပြတယ်။ အာဆီယံက ဘုံဆိုင်ထိုင်ပြီး ဘုံသဘောတူညီချက် ၅ ခွက်တွေ ၅ ရပ်တွေနဲ့ စစ်အုပ်စုနောက်လိုက်နေကြတယ်။ အဲ့ဒီမှာ မအလက အချိန်တိုအတွင်း ထိန်းချုပ်နိုင်မယ်အထင်နဲ့ အိုကေရတယ် ၅ ရပ်ကိုလက်ခံပြီး အာဆီယံ ဘုံသဘောတူညီချက်ကို ဘုံဆိုင်ထိုင်ပြီး ပြောခဲ့တဲ့အထာနဲ့ ပြန်လာကာ ပွဲကြမ်းပြတယ်။ ပြည်သူတွေ ကြောက်မလားဆိုပြီး ပစ်ခတ် ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ပြတယ်။ ဂျီဇက်ကို သမက်ထင် ရွှေသမင်အလိုက်မှားကာ တွက်ကိန်းမှားသွားတယ်။ ဂျီဇက်တွေ အကြောက်တရားနဲ့ ရပ်မသွားတဲ့အပြင် ခေါင်းကြီးတို့ ဆော်ရှိလား၊ မပြန်သေးဘူးလားဆိုပြီး မအလနောက်လိုက် ခွေးတသိုက်ကို ဟာသလုပ် ရွှင်မြူးပြုံးပျော်စွာ နေ့စဉ်မပျက် နွေဦးတော်လှန်ရေးကို ချီတက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတယ်။ ဂျီဇက်က သမက်မဟုတ်မှန်း သူသိသွားသလို ရွှေသမင်လိုက်မရတော့ ဆင်ဖြူနဲ့ ယတြာချေလိုက်တာ ကြိုးစင်နဲ့ ပိုနီးသွားတယ်။

အီးအာအိုတွေ ဆွေးနွေးတာ မ‌နွေးတာ၊ အပစ်ရပ်တာ မရပ်တာ နွေဦးတော်လှန်ရေးအတွက် အဆုံးအဖြတ် မဟုတ်ပါဘူး။ အာဏာရှင်စနစ် အလိုမရှိလို့ တော်လှန်နေတဲ့ ပြည်သူလူထုကတော့ ဆက်လက်တိုက်ပွဲဝင်နေကြမှာ အသေအချာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အညာသားတွေက ပြာပုံထဲကနေ တော်လှန်ရေးစကားတွေပြောကာ တိုက်ပွဲဝင်နေကြလိမ့်မယ်။ အိမ်ပြန်ရောက်မလာတော့တဲ့ သားသမီးအတွက် မိဘမောင်ဘွား ဆွေမျိုးသားချင်းများနဲ့ သူငယ်ချင်းတွေက သွေးကြွေးတွေ ဆပ်ကြလိမ့်မယ်။ ကျောင်းဆရာ ဆရာမတွေကလည်း တာဝန်ကျရာ စာသင်ခန်းထဲ ဝင်လိုက်တာနဲ့ ပြန်မတွေ့နိုင်တော့တဲ့ လုပ်ဖော်ကိုင်ဘက် ဆရာ ဆရာမတွေ၊ ချစ်တပည့်တွေအတွက် ဆက်လက်တော်လှန်နေကြလိမ့်မယ်။ မပြီးပြတ်သေးသရွေ့ တော်လှန်ရေးခရီး ဆက်ပြီးနှင်ကြလိမ့်မယ်။ လူထုခေါင်းဆောင် အမေစုပြောခဲ့တဲ့ ပြည်သူသာ အဓိကဆိုတာ ဒီအချိန်အတွက် ပြောခဲ့တာ ဖြစ်လိမ့်မယ်လို့ ယူဆရပါမယ်။

နွေဦးတော်လှန်ရေးက အရှိန်လည်းကောင်းနေပြီ၊ တော်တော်လေးလည်း ခရီးပေါက်နေပါပြီ။ နေ့သစ်ရဲ့ ရောင်နီလည်းသန်းလာနေပါပြီ။ စိတ်ဓာတ်ကျစရာ တိုက်ခိုက်မှုတွေ ပြောဆိုမှုတွေ ဖြစ်ပျက်တာတွေရဲ့နောက်ကို မလိုက်ဘဲ မမှိတ်မသုန် ပန်းတိုင်အရောက် တော်လှန်ချီတက်ကြရပါမယ်။ ဒါမှလည်း အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ရသူတွေအတွက် တာဝန်ကျေပွန်ပါလိမ့်မယ်။ အခက်အခဲဆုံး အကြမ်းတမ်းဆုံးအချိန် ရောက်နေပါပြီ။ ပြည်သူကို မျက်နှာမူလို့ တိုင်းပြည်အနာဂတ် ရှေ့ရှုကာ နိုင်ရာတာဝန်ထမ်းပြီး အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ကြရမှာ ဖြစ်ပါတယ်။

အမှောင်မိုက်ဆုံးအချိန်ကို လွန်မြောက်ရင် တောက်ပတဲ့အလင်းရောင်ဆိုတာ မုချတွေ့ရမှာ ဖြစ်ပါတယ်။ သူတလူ ငါတမင်း သူတို့ကဘယ်လို ငါတို့ကဘယ်လိုဆိုပြီး လက်ညိုးထိုး အပြစ်ဆိုနေကြရင်ဖြင့် သာဝက လက်ခုပ်တီးပေးနေလိမ့်မယ်။ သူတို့ကိုယ်တိုင်က အိမ်ကြက်တွေကို အိုးမည်းသုတ်ပေးနေကြတာမို့ သတိလေးကပ် ခြုံငုံသုံးသပ်ပြီး အောင်စိတ်နဲ့ ဆက်လက်တော်လှန်ရမှာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေဆိုတာ သူတို့အတွက် အကျိုးမရှိရင် ရေတခွက်တောင် မတိုက်ဘူး။ ကျေးဇူးခံ ကျေးဇူးစား ရှိရင်လည်း ပိုင်နိုင်စွာ အသုံးချတယ်။ မြန်မာလူမျိုးဆိုတာကလည်း တလုပ်စားဖူး သူ့ကျေးဇူးဆိုပြီး ကျေးဇူးတရားကို တန်ဖိုးထားတဲ့ လူမျိုးဖြစ်တယ်။ သူ့အရိပ် ခဏတာခိုဖူးရင်လည်း ကျေးဇူးတင်တယ်။ တင်မိတဲ့ ကျေးဇူးကိုလည်း သေသည်အထိ ပြန်ဆပ်ဖို့ ဝန်မလေးတတ်ကြဘူး။ ဘယ်အရာကိုမှ လွယ်လွယ်ကျေးဇူးတင်စရာမရှိအောင် သတိပြုကြတယ်။ အတတ်နိုင်ဆုံး ကျေးဇူးကင်းစွာ ကိုယ့်အားကိုယ်ကိုး ကြိုးစားကြမယ်။ သရေပွဲမရှိ အောင်လံထူဖို့ အာဇာနည်သူရဲကောင်းတို့ အောင်ပွဲရတဲ့အထိ ချီတက်ကြပါစို့လို့ ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013