
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ကျေးရွာသားတဦးကို ဒီဇင်ဘာ ၃ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဓားနဲ့ထိုး နှိပ်စက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အင်အားက ၈၀ လောက်နဲ့ ပေကြီးရွာကနေ ကျေးပင်အက်ရွာဘက်ကို စစ်ကြောင်းထိုးလာတယ်။ ရွာဝင်လာကတည်းက လက်နက်ကြီးတွေနဲ့ပစ်ဝင်လာတယ်။ ရွာထဲက ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ သူတို့ကြိုက်ရာကိုယူတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ညမှာ ကျေးပင်အက်ရွာမှာ စခန်းချအိပ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ ရွာထဲကနေ ထွက်သွားတယ်။ သူတို့ထွက်သွားပြီး ရွာသားတွေရွာထဲ ပြန်ဝင်ရာမှာ သူတို့ ဓားနဲ့ထိုး နှိပ်စက်ထားခဲ့တဲ့သူကို ဒဏ်ရာတွေနဲ့ တွေခဲ့ရတာဗျ။ ဒဏ်ရာရသူက အသက်က ၄၀ အရွယ် အမျိုးသားတဦးပါဗျ။ အဆုတ်ကို တည့်တည့် ဓားနဲ့ ထိုးခံထားရတာဆိုတော့ အသက်အန္တရယ်ကတော့ဆိုးရိမ်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ရွာအတွင်း ဒေသခံ ၆၀ လောက်ကို ဖမ်းဆီးစစ်ဆေးပြီး လက်ကိုင်ဖုန်းအများအပြားကိုလည်း သိမ်းဆည်းသွားတယ်လိုလည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့တွေဟာ ကန့်ဘလူမြို့နယ် ကျေးရွာတွေကို ပစ်ခတ် စီးနင်း၊ မီးရှို့တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းကလည်း အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းဟာ ချောင်းကြားကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ် ဝင်ရောက်စီးနင်းပြီး တပ်စွဲထားတယ်လို့ ဆိုပါတယ်။