DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်၊ ဒီပဲယင်းနှင့် ဆားလင်းကြီး ကျေးရွာများကို စစ်တပ်ကမီးရှို့၊ အဘွားအို ၂ ဦးသေဆုံးပြီး ဒေသခံများ ထွက်ပြေးနေရ
DVB
·
December 4, 2022
ထီးချိုင့်၊ ဒီပဲယင်းနှင့် ဆားလင်းကြီး ကျေးရွာများကို စစ်တပ်ကမီးရှို့၊ အဘွားအို ၂ ဦးသေဆုံးပြီး ဒေသခံများ ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ထီးချိုင့်နဲ့ ဒီပဲယင်းနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အဘွားအို ၂ ဦးသေဆုံးပြီး ပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ သခွတ်ချောင်ရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၅ နာရီမှာ မီးရှို့နေတာလို့ ဆိုပါတယ်။

ထီးချိုင့်ဒေသခံတဦးက “ဆူးပုတ်ချောင်၊ အလယ်တော၊ အင်ကြင်းကုန်၊ လေသာရွာတွေကို မီးရှို့ခဲ့‌တဲ့ စခတွေပါ။ ဘာကြောင့်မီးရှို့တာလဲဆိုတော့ မြေပြင်မှာတိုက်ပွဲလည်း မရှိဘဲနဲ့ကို ရှို့နေကြတာ။ အရင်ကတော့ ကိုယ့်လယ်ကိုယ် လုပ်စားနေတာ။ ဒီလိုသာ စစ်ကောင်စီက ‌လုပ်နေလို့ကတော့ ကျနော်တို့ PDF တွေနဲ့ ပူးပေါင်းတိုက်ရုံပဲရှိတော့မယ်” လို့ ပြောပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးရောင်းချသုံးစွဲမှုနဲ့ သစ်မှောင်ခိုကူးမှုတွေ တနေ့တခြား ပိုများလာတယ်လို့ ဆိုပါတယ်။

အလားတူ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို စစ်ကောင်စီတပ်က နေ့လယ် ၂ နာရီကနေ ည ၆ နာရီကျော်အထိ မီးရှို့နေတယ်လို့ ညောင်လှဒေသခံတွေက ပြောပါတယ်။

“စခတွေက ဒီပဲယင်းမြို့ကနေ အင်အား ၆၀ ကျော် စစ်ကြောင်းထိုးလာတယ်။ နေ့လယ်ရောက်တော့ ကျနော်တို့ရွာကို မီးရှို့တယ်။ ဘာကြောင့်မီးရှို့တာလဲဆိုတော့ သူတို့ ကျနော်တို့ရွာထဲမဝင်ခင် PDF နဲ့ တိုက်ပွဲခဏဖြစ်သေးတယ်။ နှစ်ဖက်အကျအဆုံးတော့ မသိဘူးဗျ။ ဘုန်းတော်ကြီးကျောင်းလည်း မီးရှို့နေတယ်လို့ သိရတယ်ဗျ။ ဘုန်းကြီးကျောင်းကတော့ ယဉ်ကျေးလိမ္မာကျောင်းဖွင့်သင်‌ပေးနေတာတော့ ရှိတယ်။ လက်ယက်ကုန်းကို စစ်ကောင်စီလေယာဉ်နဲ့ပစ်လို့ ကျောင်းသားတွေ သေတာလိုမျိုး မဖြစ်ရအောင် ပုန်းကျင်းတွေတူးထားတာတွေတော့ ရှိတယ်ဗျ။ အဲတာတွေမြင်လို့ ဘုန်းကြီးကျောင်းကို မီးရှို့နာဖြစ်နိုင်တယ်” လို့ ညောင်လှဒေသခံတဦးက ပြောပါတယ်။

အိမ်ခြေ ၁၀၀၀ ကျော်ရှိ ညောင်လှကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မီးရှို့တာ ဖြစ်ပြီး ရွာထဲကနေ မထွက်သေးတာကြောင့် ဆုံးရှုံးမှုအခြေအနေ မသိရသေးဘဲ ပထမအကြိမ် မီးရှို့ခဲ့စဉ်က လူနေအိမ် ၄၇ လုံး၊ စပါးကျည်တိုက်တွေနဲ့ လယ်ထွန်စက်တွေပါ ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း နိုဝင်ဘာ ၃၀ နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တွေက ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၅၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၉၀ နဲ့ ၈၅ နှစ်အရွယ် အဘွားအို ၂ ဦး မီးလောင်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့မှုကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့က ထန်းဇင်ကျေးရွာမှာ နေအိမ် ၂၄ လုံး၊ ဒီဇင်ဘာ ၁ ရက်နေ့က ဆားထုံးကျေးရွာမှာ နေအိမ် ၁၅၅ လုံး၊ လက်ပံကျွန်းကျေးရွာမှာ ၃၄ လုံး၊ တောကျောင်းကျေးရွာမှာ ၃၆ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

"ဆုံးရှုံးမှုအများဆုံးက ဆားထုံးရွာသစ်ဘက်က အများဆုံးပဲ။ အိမ်တွေမီးလောင်တော့ အဘွားအို ၂ ယောက်မှာ တယောက်က မျက်မမြင်၊ တယောက်က လေဖြတ်နေတဲ့ ဒုက္ခိတပါ။ မပြေးနိုင်လို့ မီးထဲပါပြီး သေကြရတယ်။ အဲ့ဒီနေ့က တရက်တည်းကို ပတ်ရှို့သွားတာ။ ရွာဒေသခံတွေ ၂၀၀၀ နီးပါး ထွက်ပြေးရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ဆားထုံးကျေးရွာ မီးရှို့ခံရမှုမှာ သေဆုံးသွားသူတွေဟာ အသက် ၉၀ ရွယ် အမြင်အာရုံချို့ယွင်းသူ ဒေါ်သန်းငွေနဲ့ အသက် ၈၅ နှစ်အရွယ် လေဖြတ်ဝေဒနာသည် ဒေါ်အမာကြီးတို့ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဲ့ဒီကျေးရွာတွေက အသက်မပြည့်သေးတဲ့ လူငယ်တွေအပါဝင် ကျေးရွာပြည်သူတချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မီးလောင်နေတဲ့ နေအိမ်တွေကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ပြီး မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတချို့ကိုလည်း လာရောက်ကယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားပြီး ဒီဇင်ဘာ ၃ ရက်ကလည်း မြို့ပေါ်ရှိ လမ်းဆုံလမ်းခွတွေနဲ့ ရပ်ကွက်တွေမှာ ကင်းပုန်းချနေရာယူကာ ဒေသခံပြည်သူတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013