DVB Logo
Home
မြန်မာသတင်း
ရန်ကုန် Transporter Bar ယာဉ်ရပ်နားရာနေရာ၌ ဗုံးပေါက်ကွဲ
DVB
·
December 4, 2022
ရန်ကုန်  Transporter Bar  ယာဉ်ရပ်နားရာနေရာ၌ ဗုံးပေါက်ကွဲ
1 / 2
Donate to DVB

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်မှာဖွင့်လှစ်ထားတဲ့   Transporter Restaurant and Bar ရှိကားရပ်နားရာ နေရာမှာ နိုဝင်ဘာ ၃ ရက်၊ ည ၉ နာရီ လောက်က ဂဠုန်မြို့ပြပျောက်ကြားအဖွဲ့နဲ့ Never Die Defense Force (N.D.D.F) အဖွဲ့တို့ ပူးပေါင်း ဗုံးဖောက်ခွဲခဲ့တယ်လို့  ထုတ်ပြန်ပါတယ်။

Transporter Barရဲ့ ဝင်ပေါက်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးကွဲမှုမှာ လူတွေ ထိခိုက်တာနဲ့ အပျက်အစီး မရှိပေမဲ့ ပေါက်ကွဲမှုဖြစ်ပြီး ၁၀ မိနစ်အကြာမှာပဲ စစ်ကောင်စီတပ်နဲ့ရဲတွေ ရောက်လာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်‌ဦးက  "ပေါက်တာက ရပ်ထားတဲ့ ကားနှစ်စီးကြားက ဖြစ်တာ၊ ဧည့်ကြိုကောင်လေးတွေလည်း ရှိတယ်။ လူတွေရော၊ ကားတွေရော ဘာမှမဖြစ်ပါဘူး။ ခဏပဲ ကြာတယ်။ စစ်တပ်က ရောက်လာတာ ဒီက လူကြီးတွေနဲ့ အရှေ့မှာ နည်းနည်းပါးပါး မေးမြန်းတာမျိုးလောက်ပဲ လုပ်ပြီး ပြန်ထွက်သွားကြပါတယ် " လို့ ပြောပါတယ်။

Transporter Bar က စစ်ကောင်စီရဲ့ အရာရှိသားသမီးတွေ အများဆုံး လာတတ်တဲ့နေရာ ဖြစ်တဲ့အပြင် နာမည်ကြီး အဆိုတော်တချို့ရဲ့ ဖျော်ဖြေမှုတွေနဲ့ DJ ပွဲတွေ ရှိနေတတ်တာဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုဟာ အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူအခြေအနေမသိရဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတာဖြစ်မယ်၊ လူထိလား မထိလားတော့ မသိဘူး။အော်ဟစ်ဆူညံသံတွေတော့ ကြားနေရတာပဲ ခဏနေတော့ စစ်တပ်ရောက်လာတာပဲ။"

ကားရပ်နားရာနေရာက ဗုံးပေါက်ကွဲမှုကို ဘားထဲက လူတွေတောင် မသိလိုက်ဘူးလို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ Transporter Bar ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ပေါက်ကွဲမှု ဖြစ်တယ်ဆိုတာ ကောလာဟလသာဖြစ်ပြီး တကယ်မဖြစ်ခဲ့ပါဘူးလို့ တာဝန်ရှိသူက ပြန်လည်ဖြေဆိုပါတယ်။

Transporter Bar က တာဝန်ရှိသူတစ်ဦးက “ညီမတို့ ကားပါကင်မှာတော့ ဗုံးပေါက်ကွဲမှု မရှိပါဘူး၊ အခုလောလောဆယ်လည်း မဖြစ်ပါဘူး ကောလာဟလ သတင်းပဲ ဖြစ်ပါလိမ့်မယ်။ ညီမတို့ဘက်က အဲဒီဟာတော့ လုံးဝ မဖြစ်ပျက်သွားဘူး ” လို့ ပြောပါတယ်။

ဒါပေမဲ့ Transporter Bar ဗုံးပေါက်ကွဲမှု ဖြစ်ပြီးချိန်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ဝေဇယန္တာလမ်းမကြီးကို ခေတ္တပိတ်ကာ စစ်ဆေးခဲ့တယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နဲ့ ဒီဇင်ဘာလ ၂ ရက်နေ့တုန်းကလည်း မြောက်ဒဂုံနဲ့ လှိုင်မြို့နယ်တို့က စားသောက်ဆိုင် နှစ်ဆိုင်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013