DVB Logo
Home
မြန်မာသတင်း
ဝမ်ယိ၏ မြန်မာခရီးစဉ်တွင် မဟာဗျူဟာမြောက် စီးပွားရေးစီမံကိန်းများ အသက်သွင်းနိုင်
DVB
·
April 23, 2026
Photo: FMPRC 
Photo: FMPRC 
Donate to DVB

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ကျောက်ဖြူ-ကူမင်းလမ်းလိုမျိုး တရုတ် ရဲ့ ရပ်တန့်နေတဲ့ မဟာဗျူဟာမြောက် စီးပွားရေးစီမံကိန်းတွေကို ပြန်လည်အသက်သွင်းဖို့က အဓိက အချက်အနေနဲ့ ပါဝင်နိုင်တယ်လို့  တရုတ်အရေးလေ့လာသူတွေက တညီတညွတ်တည်း ပြောကြ ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ အခုခရီးစဉ်ဟာ  အာဆီယံ ၃ နိုင်ငံ ခရီးစဉ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်သလို တရုတ်ဘက်က မြန်မာစစ်တပ်နောက်ခံ အစိုးရအပေါ် ထားရှိတဲ့ သဘောထားကို ထင်ထင်ရှားရှား ပြသလိုက်တာလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဝမ်ယိဟာ ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေဆီ သွားရောက် မှာလို့ ပေကျင်း နိုင်ငံခြားရေးက တရားဝင်ထုတ်ပြန်ထားသလို ဧပြီ ၂၂ ရက်မှာတော့ ကမ္ဘောဒီးယား နိုင်ငံဆီ ရောက်ရှိနေပါတယ်။

အဲဒီကနေတဆင့် ထိုင်းနဲ့ မြန်မာနိုင်ငံတွေဆီ လာရောက်ဖို့ရှိနေပြီး မြန်မာနိုင်ငံထဲက ပိုးလမ်းမ စီမံကိန်းရဲ့ အစိတ်အပိုင်းတွေနဲ့ ပတ်သက်လို့ အတည်ပြုတာတွေ ထပ်မံလုပ်ဆောင်လာနိုင်ကြောင်း ISP-Myanmar ရဲ့ China Desk တာဝန်ခံ မနန်းလွင်က သုံးသပ်ပါတယ်။

“ဝမ်ယိ ခရီးစဥ်ကတော့ ၃ နိုင်ငံခရီးစဥ်နဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သမ္မတရှီကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ်ရဲ့ သတင်းစကားကိုကြည့်ရင် တရုတ်ဟာ အခုတက်လာတဲ့ စစ်တပ်နောက်ခံ အစိုးရကို ထောက်ခံတယ်။ ပူးပေါင်းဆောင်ရွက်မှု လုပ်မယ်ဆိုတဲ့ ဒီပလိုမက်တစ် သတင်းစကားတွေ ပါးတာကို တွေ့ရပါတယ်။ ဝမ်ယိရဲ့ခရီးစဥ်ကလည်း ဒီသတင်းစကားတွေကိုပဲ ဆက်ပြီး ယူလာ ပါလိမ့်မယ်။ ဒါ့အပြင် အရင်သဘောတူခဲ့တဲ့ state to State သဘောတူခဲ့တဲ့ BRI စီမံကိန်းတွေ အတွက် မဟာဗျူဟာကျ စီမံကိန်းတွေ အကောင်ထည်ဖော်ရေး ထပ်အတည်ပြုတာတွေ လုပ်နိုင် ပါတယ်။”

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကတဆင့် အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရရှိဖို့အတွက် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ကူမင်း-ကျောက်ဖြူ လမ်းမကြီးတွေကို အမြန်ဆုံး အကောင်အထည်ဖော် လိုနေတာပါ။

ဒါဟာ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို ဟန်ချက်ညီစေဖို့ ကြိုးပမ်းတဲ့ Multipolarism ဝါဒနဲ့လည်း ဆက်စပ်နေပြီး တရုတ်နိုင်ငံရဲ့ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်းမှာပါဝင်တဲ့  ကုန်းတွင်းပိတ် ပြည်နယ်တွေ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ ဒေါက်တာလှကျော်ဇောက ရှင်းပြပါတယ်။

“တရုတ်ရဲ့ မဟာဗျူဟာဖြစ်တဲ့ ပိုးလမ်းမ ရည်မှန်းချက်ကြီးက ကျန်တဲ့နေရာတွေက အတော် ခရီးပေါက်နေပြီနော်။ လာအိုကနေပြီးတော့ ထိုင်း မြောက်ပိုင်းအထိတောင် ရောက်သွားပြီနော်။ ဗီယက်နမ်နဲ့လည်း ဆက်သွားပြီးပြီ။ ကျမတို့ ဒီ မြန်မာပြည်ကိုဖြတ်ဆက်မဲ့ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းကနေ သူတို့ ကူမင်းနဲ့ဆက်မဲ့ ရထားလမ်းနဲ့ ကားလမ်း၊ အဲဒီဟာတခုပဲ လိုနေတော့ အဲတော့ ယူနန်တို့ ကွေ့ကျိုးတို့ကလည်း သူတို့ရဲ့အားနည်းချက်က ကုန်းပိတ်ပြည်နယ်တွေဖြစ်တော့ သူတို့ရဲ့ ပင်လယ်ထွက်ပေါက်က ဒီဟာပဲ။ ကျောက်ဖြူ ဒီလမ်းပေါက်ဖို့ပဲ။ အဲဒါကြောင့်မို့ ဗမာပြည် အေးချမ်းဖို့၊ တည်ငြိမ်ဖို့ အဲဒါအတွက် သူတို့ အတော်ကြီးကို ဝီရိယစိုက်ပုံ ရတယ်ဗျ။ အဲဒီအတွက် ဝမ်ယိ လာတာက အဲဒီစီမံကိန်းတွေကို တွန်းတွန်းတိုက်တိုက်လုပ်ဖို့ပါ ပါတယ်နဲ့ တူတယ်။”

တရုတ်နိုင်ငံဟာ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ကြားဝင်သူအဖြစ်ရော၊ စစ်အာဏာရှင်ရဲ့ မဟာမိတ်အဖြစ်ပါ ဟန်ချက်ညီအောင် ကစားနေတာ တွေ့ရပါတယ်။

ဒါကြောင့် ဝမ်ယိရဲ့ ခရီးစဉ်ဟာ စစ်အာဏာရှင်ကို သံတမန်ရေးရာအရ အသိအမှတ်ပြုမှု ပေးအပ်တာ ထက် ကိုယ်ကျိုးစီးပွားအတွက် စီမံကိန်းတွေကို အသက်သွင်းဖို့ ကြိုးပမ်းတာက ပိုပြီး ထင်သာ မြင်သာ ရှိနေတဲ့ကြောင်း လေ့လာသူတွေက ထောက်ပြနေကြပါတယ်။

တဖက်မှာလည်း တရုတ်နဲ့ စစ်အာဏာရှင်ကြား နီးကပ်တဲ့ ဆက်ဆံရေးဟာ နွေဦးတော်လှန်ရေး အင်အားစုတွေအပေါ် ရိုက်ခတ်မှုတွေ ရှိလာမလား ဆိုတာကို ဒေသခံတွေကလည်း စိုးရိမ် နေကြပါတယ်။

စိုးသူအောင်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013