
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ အခုသီတင်းပတ်အတွင်း ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်မှာဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကက်ကယောက်က အတည်ပြု ပြောလိုက်ပါတယ်။
ခရီးစဉ်အတွင်း ထိုင်း-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ တိုင်ပင်ဆွေးနွေးရေးယန္တရားရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို နှစ်နိုင်ငံ ဝန်ကြီးတွေက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးက နှစ်နိုင်ငံအကြား မဟာဗျူ ဟာမြောက် မိတ်ဖက်ဆက်ဆံရေး အရှိန်အဟုန်ကို ထိန်းသိမ်းဖို့ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့နဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဒီခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဗီရာကူးလ်နဲ့လည်း တွေ့ဆုံဖို့ ရှိနေသလို တချိန်တည်းမှာပင် အနုထင်က ဝမ်ယိနဲ့ ဆွေးနွေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။
ဆန်နဲ့ သစ်သီးဝလံတွေ အပါအဝင် ထိုင်းလယ်ယာထွက်ကုန်တွေကို ပိုမိုတင်သွင်းပေးဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုတွေ တိုးမြှင့်ပေးဖို့ တရုတ်နိုင်ငံကို တောင်းဆိုသွားဖို့ ထိုင်းဘက်က မျှော်လင့်ထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဘက်က သတင်းတွေအရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိဟာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေကိုလည်း သွားရောက်လည်ပတ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်အတွင်းမှာတော့ သူဟာ တရုတ်ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းနဲ့အတူ ပထမအကြိမ် မြောက် တရုတ်-ကမ္ဘောဒီးယား ၂+၂ မဟာဗျူဟာမြောက် အစည်းအဝေးကို တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
Photo: Reuters










