DVB Logo
Home
Lead Story
နေပြည်တော်ခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကျားဖြန့်ကိစ္စသတိပေးသွားတာ ဘာကြောင့်လဲ 
စိုးသူအောင်
·
April 28, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယား အာဆီယံ ၃ နိုင်ငံခရီးစဉ်မှာ တူညီချက်ကတော့ အွန်လိုင်းငွေလိမ်ကျားဖြန့် လုပ်ငန်းတွေကို အမြစ်ပြတ်နှိမ်နှင်းဖို့ တရုတ်က ပြောသွားတာဖြစ်ပါတယ်။

အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုတွေကို နှိမ်နှင်းမဲ့အပြင် မြန်မာနိုင်ငံထဲက တရုတ်ဝန်ထမ်းနဲ့ အဖွဲ့အစည်းတွေ၊ စီမံကိန်းတွေ ဘေးကင်းလုံခြုံရေး လုပ်ဆောင်သွားမယ်လို့ လည်း ဆိုပါတယ်။  

ဝမ်ယိက သူ့ရဲ့ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာခရီးစဉ်မှာ ဘာကြောင့် ကျားဖြန့်ကို အမြစ်ပြတ်နှိမ်နှင်းဖို့ ပြောလာတာပါလဲ။

အမေရိကန်က ကျားဖြန့်နှိမ်နင်းရေးအတွက် ဆုငွေတွေထုတ်ပြီး ပါဝင်လာချိန်မှာ တရုတ်ကလည်း အခု ၃ နိုင်ငံခရီးစဉ်အတွင်း ဒေသတွင်းနိုင်ငံတွေကို ဖိအားပေးလာတာပါ။

ဒီအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက “ ၃ နိုင်ငံအာဆီယံ အားလုံးလှည့်သွားတာကြည့်ရင် သူက မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး ပိုလုပ်ဖို့ကို ပြောတယ်။ နောက်တခုကျတော့ အွန်လိုင်းစကန်ပေါ့ဗျာ၊ ကျားဖြန့်တိုက်ဖျက်ရေးကိစ္စကို ထိထိရောက်ရောက်လုပ်ဖို့ဆိုတာ ၃ နိုင်ငံလုံးမှာ ပြောတာတွေ့ပါတယ်ဗျ။ ဒါကတော့တူညီတဲ့ အချက်ပေါ့နော်၊ မြန်မာပြည်မှာတော့သူက အဓိကကို ထောက်ခံမှု ၃ မျိုးပေါ့နော် အဲဒါကို ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ကို သူတို့ထောက်ခံတယ်။ ဒီငြိမ်းချမ်းရေးကိစ္စတွေကို သူတို့ဆက်ထောက်ခံ ပံ့ပိုးမယ်ဆိုတာ ပြောပါတယ်။ နောက်တခါကျတော့ မြန်မာပြည်ရဲ့တည်ရှိနေတဲ့နယ်မြေ နယ်နိမိတ် ကိစ္စတွေပေါ့နော်၊ ဒါကို ထောက်ခံသွားမယ်ဆိုတာကို ပြောပါတယ်ဗျ”လို့ပြောပါတယ်။

အထူးသဖြင့် ဒီလိုကျားဖြန့်လုပ်ငန်းတွေမှာ အစိုးရတွေ ပါဝင်ပတ်သက်မှုရှိနေနိုင်တာကို သွယ်ဝိုက်သတိပေးပုံရတယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ခန့်မှန်းပြောပါတယ်။

“ဒါက နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေဖြစ်တော့ တနိုင်ငံတည်းလုပ်လို့မဖြစ်ဘူး၊ ကျန်တဲ့နိုင်ငံတွေပါ ပေါင်းမှ ဖြစ်မယ်လို့ တွက်ပုံရတယ်။ ဒါကြောင့်မို့လို့  လာပြီးသွေးတိုးစမ်းပြီး ပြောတာပဲ။ အဲ့တော့ ဒီထဲမှာတရုတ်က ဘာခေါ်မလဲ နည်းပရိယာယ်ကြွယ်တယ်လေနော်၊ အစိုးရကို သူကစောစောစီးစီး Message ပေးထားတာပေါ့၊ ခင်ဗျားတို့ပါဝင်နေရင်လည်း စောစောစီးစီး နောက်ဆုတ်ချင် နောက်ဆုတ်ထားကြလို့ လာပြီးသတိပေးတယ်ထင်တယ်၊ ကျမကြည့်တာတော့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေက အစိုးရမပါဘဲနဲ့ ဖြစ်နိုင်တာမှမဟုတ်ဘဲကိုး။”

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော် ခရီးစဉ်အတွင်း စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး စစ်အာဏာရှင်ကို ထောက်ခံအားပေး မယ်လို့ ပြောခဲ့သလို   တရုတ်ရဲ့ စီမံကိန်းကြီးတွေဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC အပါအဝင် BRI စီမံကိန်းတွေကို အရှိန်မြှင့်တင်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် တရုတ်က မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်လမ်းစဉ်အတိုင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထောက်ခံသွားမဲ့ အပြင်၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက်ပါ ရပ်တည်ပေးမယ်လို့ ဆိုပါတယ်။

ဧပြီ ၂၅ ရက်၊ မှာ ဝမ်ယိကအခုလိုပြောကြောင်း ပေကျင်းကထုတ်ပြန်ခဲ့ပြီး အာဏာရှင်သမ္မတ ကလည်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ဘယ်လုပ်ဆောင်ချက်ကိုမှ ခွင့်ပြုမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် ဒီလုပ်ငန်းတွေ အမြစ်ပြတ်ဖို့ကတော့ စိန်ခေါ်မှုကြီးတခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ဒီအချက်တွေကြောင့် ဝမ်ယိရဲ့ခရီးစဉ်ဟာ တရုတ်ရဲ့စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဘေးကင်းဖို့၊ ကုန်သွယ်ရေးနဲ့  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကိစ္စရပ်တွေအပြင် ဒေသတွင်းနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးတွေ အတွက် ရည်ရွယ်တာလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ  ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံ တို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။   

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013