DVB Logo
Home
Lead Story
သတင်းဌာန ၃ ခုကို စစ်အာဏာရှင်က  ထပ်မံပိတ်သိမ်း
ဝေဝေ
·
May 11, 2026
သတင်းဌာန ၃ ခုကို စစ်အာဏာရှင်က  ထပ်မံပိတ်သိမ်း
Donate to DVB

မြန်မာသတင်းဌာန  ၃ ခုကို ထပ်မံပိတ်သိမ်းလိုက်လို့ စစ်အာဏာရှင်အစိုးရအဖွဲ့သစ် လက်ထက်မှာ ပိတ်သိမ်းခံရတဲ့ မီဒီယာ ၆ ခုရှိလာပြီဖြစ်ပါတယ်။

မြေလတ်အသံ (Myaelatt Athan)၊ Red News Agency နဲ့ Asia Citizens (အာရှနိုင်ငံသားများ) သတင်းအေဂျင်စီ ၃ ခုကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်တွေ ပြန်လည်ရုပ်သိမ်းပြီး လုပ်ငန်းပိတ်သိမ်းလိုက်ကြောင်း စစ်အာဏာရှင် လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနက မေ ၁၁ ရက်မှာ ထုတ်ပြန် ပါတယ်။ 

အတုအယောင်ရွေးကောက်ပွဲအပြီး ပေါ်လာတဲ့ စစ်အာဏာရှင်အစိုးရတက်လာပြီးနောက်မှာ သတင်းမီဒီယာတွေအပေါ် ပိတ်သိမ်းမှုတွေပြုလုပ်လာတာဆိုရင် တလအတွင်းမှာတင် သတင်းဌာန ၆ ခုရှိလာတာ ဖြစ်ပါတယ်။

Red News Agency ရဲ့ တာဝန်ခံသတင်းအယ်ဒီတာ ကိုဝင်းဇော်နိုင်က "ကျနော်တို့အနေနဲ့ကတော့ မီဒီယာလွတ်လပ်ခွင့်အတွက် ဆက်ပြီးတော့ လုပ်နေကြဦးမှာပေါ့နော်။ သူတို့ ပိတ်သိမ်းလည်း အစ်ကိုတို့ကတော့ ဂရုမစိုက်ဘူးပေါ့ ဘာလို့လဲဆိုတော့ နဂိုတုန်းကလည်း အစ်ကိုတို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အချိန်တွေ၊ စစ်တပ်အာဏာစသိမ်းတဲ့အချိန်ကတည်းက အစ်ကိုတို့ သတင်းလုပ်ငန်းတွေ တောက်လျှောက်လုပ်လာခဲ့တာပဲလေ၊ အဲ့ဒီအချိန်တုန်းကလည်း သတင်းထောက်တွေ ဖမ်းတာပဲ၊ တချို့ဆိုရင် ဒီ အသတ်ခံရတဲ့ဟာတွေတောင် ရှိတယ်ပေါ့လေ။ အဲ့ဒါကြောင့် ဒီ ပိတ်သိမ်းတာလောက်တော့ အစ်ကိုတို့ သိပ်ပြီးတော့ ဂရုမစိုက်ဘူး။ ကိုယ်လုပ်စရာရှိတာကတော့ ဆက်လုပ်သွားမှာပေါ့" လို့ DVB ကိုပြောပါတယ်၊

ဧပြီ ၂၄ ရက်တုန်းကလည်း စစ်အာဏာရှင်အစိုးရရဲ့ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပြည်တွင်းအခြေစိုက် သတင်းအေဂျင်စီ ၃ ခုဖြစ်တဲ့ Chin World၊ ခိုနုမ်းသုန် -Khonumthung Media Group နဲ့ မျက်မှောက်ခေတ်-Nowadays News သတင်းအေဂျင်စီတို့ကို လုပ်ငန်းလိုင်စင်ရုပ်သိမ်းပြီး ပိတ်သိမ်းလိုက်ကြောင်းကြေညာခဲ့ပါသေးတယ်၊

ဒီသတင်းဌာနတွေဟာ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ရေးသားဖော်ပြခဲ့တယ်လို့ စစ်အာဏာရှင်ပြန်ကြားရေးဘက်က စွပ်စွဲထားပါတယ်။ 

ပိတ်သိမ်းခံရတဲ့ သတင်းအေဂျင်စီတွေကို မီဒီယာမျိုးစုံ ဒါမှမဟုတ် နည်းပညာမျိုးစုံ အသုံးပြုပြီး သတင်းရေးသားထုတ်လွှင့်ဖော်ပြတာ မပြုလုပ်ဖို့ကိုလည်း ကြေညာထားတာဖြစ်ပါတယ်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(ခ) အရ စစ်ဆေးရာမှာ ပုဒ်မ ၈ ပါ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ ထုတ်လွှင့်ဖော်ပြခဲ့တာကြောင့်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊

ဧပြီလကုန်ပိုင်းအထိ ပြန်ကြားရေးက ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းက သတင်းစာတိုက် ၂၂ ခုနဲ့ သတင်းအေဂျင်စီ ၉၇ ခု ထိ လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်းခံထားရပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013