
ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအလုပ်သမား ဥပဒေနဲ့အညီ နေထိုင်လုပ်ကိုင်တာ ရှိ၊ မရှိ တနိုင်ငံလုံး အတိုင်းအတာနဲ့ အထူးစစ်ဆေးမှုစီမံချက်ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်မှာဖြစ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ လိုအပ်တဲ့ အထောက်အထားတွေ ပြင်ဆင်ပြီး သတိထား နေထိုင်ကြဖို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက တိုက်တွန်းအကြံပြုပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ တရားဝင်အမိန့် ထုတ်ပြန်ချက်အရ အလုပ်သမားဦးစီးဌာန အဖွဲ့အစည်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ကိုင်တဲ့ စက်ရုံ၊ အလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ စားသောက်ဆိုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုတွေ တင်းကျပ် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆေးမှုတွေမှာ အဓိကအနေနဲ့ တရားဝင် အလုပ်သမားကတ် (Work Permit)၊ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ပန်းရောင်ကတ် CI မရှိဘဲ အလုပ်လုပ်ကိုင်နေသူတွေကို အဓိကထား စစ်ဆေးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိမိကိုင်ဆောင်ထားတဲ့ အလုပ်သမားကတ်မှာ ဖော်ပြထားတဲ့ အလုပ်ရှင်အမည်၊ အလုပ်အကိုင် အမျိုးအစား၊ အလုပ်လုပ်ကိုင်တဲ့ နေရာနဲ့ လက်တွေ့ လုပ်ကိုင်နေရတဲ့ အခြေအနေတွေ မကိုက်ညီတာတွေ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ ကန့်သတ်ထားတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့သူတွေကို ရှာဖွေဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
စစ်ဆေးတွေ့ရှိပါက သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ အလုပ်သမားတွေကို ငွေဒဏ်၊ ထောင်ဒဏ်ကျခံပြီး မိခင်နိုင်ငံကို ပြန်ပို့တာနဲ့ ထိုင်းနိုင်ငံကို အလုပ်လုပ်ကိုင်ခွင့် ဗီဇာနဲ့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်တာတွေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ စိုးရိမ်နေရတယ်လို့ ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တယောက်က ပြောပါတယ်။
“အထောက်အထားမှာပါတဲ့ အလုပ်တွေနဲ့ ကျနော် လက်ရှိအလုပ်လုပ်နေတဲ့ အလုပ်နဲ့ ဘယ်လိုမှတော့ မကိုက်ညီဘူးပေါ့နော်။ အထောက်အထားမှာတော့ ကျနော့် အလုပ်က တောင်ယာ၊ အခု လုပ်နေတာက ဈေးရောင်းနေရတာပေါ့နော်၊ စစ်ဆေးမှုတွေတော့ ရှိနေတယ်။ တင်းတင်းကျပ်ကျပ် စစ်နေတာတော့ မဟုတ်ပါဘူး၊ အခု အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ စာတွေတွေ့တော့ ပိုပြီးတော့ ဂရုစိုက်နေရတာပေါ့။ ကျနော်တို့ လုပ်နေတဲ့ အလုပ်က မတူညီဘူးလေနော် အထောက်အထားမှာပါတဲ့ အလုပ်နဲ့ အခုလုပ်နေတဲ့ အလုပ်နေတဲ့ သူဌေးကလည်း ကျနော်တို့ကို တာဝန်ယူမှု တာဝန်ခံမှု လုပ်ပေးမှာမဟုတ်ဘူး ဆိုတော့လေ၊ ကိုယ့်ဟာကိုယ်ပဲ ဆင်ခြင်ပြီးတော့ ဂရုစိုက် နေထိုင်နေရတာပါ၊”
အထောက်အထားမပြည့်စုံတဲ့ အလုပ်သမားတွေကို ခန့်အပ်တဲ့ အလုပ်ရှင်တွေကိုလည်း ဒဏ်ငွေနဲ့ ဒဏ်ငွေချမှတ်တာအပြင် အလုပ်သမားငှားရမ်းခွင့် ၃ နှစ်တိတိ ပိတ်ပင်မယ်လို့ ဆိုပါတယ်။
ဒီတခါ စစ်ဆေးမှုဟာ ပြီးခဲ့တဲ့အကြိမ်တွေက ရှောင်တခင်စစ်ဆေးမှုတွေထက် ပိုပြီးတင်းကျပ်မှာဖြစ်လို့ မြန်မာလုပ်သားတွေ သတိထားနေထိုင်ကြဖို့ကိုလည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဒါကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်နဲ့ သူတို့ ကိုင်ဆောင်ထားတဲ့ အထောက်အထားနဲ့ ထပ်တူကျဖို့ ပြင်ဆင်ထားသင့်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက အကြံပေးပါတယ်။
“ကိုင်ထားတဲ့ နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့်တွေက ဒီသူဌေးနာမည် ဟုတ်လား မှန်ရဲ့လား၊ ကိုယ့်ရဲ့ work permit က တခြားအလုပ်ရုံက ပြောင်းလာတယ်ဆိုရင် ဒီဘက် အလုပ်ရုံမှာ လုပ်နေတဲ့အချိန်မှာ work permit အသစ်ပြောင်းထားပြီးပြီလား၊ အလုပ်ရှင်အသစ် မပြောင်းရသေးဘဲ အလုပ်ရှင်အဟောင်း နာမည်နဲ့ အလုပ်ရှင်အသစ် အလုပ်ရုံမှာ လုပ်နေပြီလားဆိုတာ သေချာပြန်စစ်ပြီး သတိထားပြီး အမြန်ဆုံးပြောင်းရမှာ ဖြစ်တယ်။ ဈေးရောင်းနေတဲ့သူ ဆိုရင်လည်း ဈေးရောင်းတာက အလုပ်ရှင်ရဲ့ ခွင့်ပြုချက် အတိုင်းအတာက ဘယ်လောက်လဲဆိုတာ ပြန်တွက်ရမယ်။ ဒီတခါတော့ တော်တော်ဖိဖိစီးစီးနဲ့ လုပ်မယ်ထင်တယ်။”
မေ ၁ ရက်နေ့က ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ခရီးသွားကျွန်းတခုဖြစ်တဲ့ စူရတ်ဌာနီခရိုင် ကော်ဖငန်းကျွန်းပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ တရားမဝင် ကလေးထိန်းကျောင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသား ၉ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၇ သန်းကျော် ရှိတယ်လို့ ထိုင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။










