DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် အပစ်ရပ်ထားသော်လည် UN၊ INGO ၊ NGO များ သွားလာကူညီထောက်ပံ့ခွင့် မရသေး
DVB
·
December 3, 2022
ရခိုင်တွင် အပစ်ရပ်ထားသော်လည် UN၊ INGO ၊ NGO များ သွားလာကူညီထောက်ပံ့ခွင့် မရသေး
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ အပစ်အခတ်ရပ်စဲထားပေမဲ့ ဒီဇင်ဘာ ၃ ရက်အထိ UN၊ INGO နဲ့  NGO အဖွဲ့အစည်းတွေကတော့ ခရီးသွားလာခွင့်နဲ့ ကူညီထောက်ပံ့ခွင့်မရသေးဘဲ ကန့်သတ်ခံထားရတယ်လိ့ INGO အဖွဲ့အစည်းတွေထံက သိရပါတယ်။

စစ်တွေအခြေစိုက် WFP တာဝန်ရှိသူတစ်ဦးက “ခရီးသွားလာခွင့်တွေပိတ်ထားဆဲပါ။ အောက်တိုဘာ လဆန်းပိုင်းက ကျောက်တော်မြို့နယ် တစ်ခုတည်းကို ၁၀ ရက်စာ ရိက္ခာထောက်ပံ့ခွင့် WFP ကို တစ်ကြိမ်ခွင်ပြုပေးခဲ့တာရှိတယ်။ နောက်ဘယ်မြို့ကိုမှ ယနေ့အထိခွင့်ပြုတာမရှိသေးဘူး။ တိုက်ပွဲတွေ ဖြစ်နေတုန်းပိတ်ထားရင်လည်း  အပစ်အခတ်တွေရပ်ရင်ပြန်ပြီးသွားလာထောက်ပံ့ခွင့်တွေပြုသင့်ပါတယ်။"လို့ ပြောပါတယ်။

UN/INGO/NGO အဖွဲ့အစည်းတွေကို ခရီးသွားလာခွင့်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ကစပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့ကို ပိတ်ပင်ထားခဲ့တာဖြစ်ပြီး နိုဝင်ဘာလမှာ ကျောက်တော်နဲ့ ပေါက်တောမြို့နယ်တို့ကို ခရီးသွားလာခွင့် ထပ်မံ ကန့်သတ်ခဲ့ထားခဲ့ တာပါ။

လက်ရှိ ရခိုင်ပြည်နယ် ၈ မြို့နယ်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ ခရီးသွားလာခွင့်နဲ့ ကူညီထောက်ပံ့ခွင့်တွေကို စစ်ကောင်စီက  ကန့်သတ်ထားလို့ စစ်ဘေးရှောင်စခန်းရှိ ပြည်သူတွေ စားနပ်ရိက္ခာပြတ်လပ်နေတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။

ဘူးသီးတောင် မြို့လမ်းမကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ကျော်ထွန်းက "ကယ်ဆယ်ရေး မရတာ ၆ လလောက်ကြာပါပြီ။ လမ်းတွေ ပိတ်ထားတော့ ကုန်ဈေးနှုန်းကလည်း အဆမတန်မြင့်တက်နေတယ်။ အလုပ်အကိုင်ကလည်း ဘာမှမရှိဘူး။ ကူညီထောက်ပံ့မှုတွေလည်း နည်းပါးလာတော့ စစ်ဘေးရှောင်တွေ စားဝတ်နေရေးတော်တော်လေးဒုက္ခရောက်နေကြတယ်”လို့ ပြောဆိုပါတယ်။

နိုင်ငံတကာအကူညီတွေကို စစ်ကောင်စီရဲ့ ပိတ်ပင်ကန့်သတ်မှုတွေကြောင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာ နာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ ရပ်တန့်နေကြပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ အခက်အခဲနဲ့ ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တကျော့ပြန် တိုက်ပွဲတွေကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်အထိ  စစ်ဘေးရှောင် ၁၆၀၀၀ ကျော်တိုးလာခဲ့ပြီး လက်ရှိစစ်ဘေးရှောင်ဦးရေ ၉၀၀၀၀ ကျော် အထိရှိလာနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေရုံး(UNOCHA)က အောက်တိုဘာ ၁၉ ရက်က  ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013