
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ဆိုပြီး ဖမ်းဆီးခံရတဲ့ အရပ်သား ၂ ယောက်ကို အကြမ်းဖက်မှုနဲ့ဆက်စပ်တဲ့ ဥပဒေပုဒ်မတွေနဲ့ စစ်အာဏာရှင်ဩဇာခံ တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အသက် ၂၅ နှစ်ကျော်အရွယ် ကိုဇော်ထွန်းနဲ့ အသက် ၃၀ ဝန်းကျင်အရွယ် မသီတာတို့ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်မှာ ရေကြည်မြို့နယ်တရားရုံးက တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ် ခဲ့တာလို့ သိရပါတယ်။
တရားရုံးနဲ့ နီးစပ်သူတယောက်က “အခု ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေက အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်လို့ စွပ်စွဲဖမ်းခဲ့ပြီး ဖမ်းဆီးခံရတဲ့သူတွေပါ” လို့ ပြောပါတယ်။
သူတို့ကို ပြီးခဲ့တဲ့ ဧပြီလပထမအပတ်က အကြမ်းဖက်အဖွဲ့တွေကို ကူညီထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့က ရေကြည်မြို့နယ်အတွင်း ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတယောက်က “ကောင်လေးက ဆိုင်ကယ်ကယ်ရီဆွဲတဲ့ လုပ်ငန်း လုပ်နေသူပါ။ PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခံရတာ။ သစ်ဖြူရွာမှာပဲ အဖမ်းခံရတာ” လို့ ပြောပါတယ်။
အရပ်သား ၂ ယောက်ကို စစ်အာဏာရှင်လက်အောက်ခံ တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ကနဲ့ ပုဒ်မ ၅၀၅-က စတဲ့ ပုဒ်မတွေနဲ့ တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ အရပ်သား ၂ ယောက်ဟာ သာမန်အရပ်သားတွေဖြစ်ကြောင်း သက်ဆိုင်ရာ တရားရုံးနဲ့ ရဲတပ်ဖွဲ့ဆီ တင်ပြခဲ့ပေမဲ့ ခုခံချေပခွင့် လုံးဝမပေးခဲ့ဘူးလို့ သိရပါတယ်။











