DVB Logo
Home
Lead Story
လမ်းတူ လှေကွဲ၊ ကိုယ့်ပန်းတိုင် ကိုယ်အရောက်နွှဲ
DVB
·
December 2, 2022
လမ်းတူ လှေကွဲ၊ ကိုယ့်ပန်းတိုင် ကိုယ်အရောက်နွှဲ
Donate to DVB

အေအေက စစ်ကောင်စီနဲ့ အပစ်ရပ်လိုက်ပြီဆိုတဲ့ သတင်းပေါ်ထွက်လာတော့ တော်လှန်ရေး အင်အားစုတချို့ထံက စိတ်ပျက်တဲ့လေသံ ကြားလာရသလို စစ်တပ်လိုလားသူတချို့ကလည်း တော်လှန်ရေးကြီး ပြိုကွဲပျက်စီးတော့မယောင် လှိုင်းကြ၊ ဝါဒဖြန့်ကြတာကိုလည်း တွေ့မြင်ရပါတယ်။

တကယ်တော့ အေအေဟာ တော်လှန်ရေးလမ်းကြောင်းပေါ် ရှိနေပေမဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေနဲ့ ပန်းတိုင်မတူသလို လှော်ခတ်ပုံလည်း မတူပါဘူး။ အေအေရဲ့ ပြောဆိုချက်အရ သူတို့ရဲ့ ပန်းတိုင်ဟာ ကွန်ဖယ်ဒရိတ်ဖြစ်ပြီး နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ ပန်းတိုင်ကတော့ ဖက်ဒရယ်ဒီမိုကရေစနစ် ဖြစ်ပါတယ်။ တော်လှန်ရေးလမ်းကြောင်းပေါ်မှာ  လှော်ခတ်နေကြတာခြင်း တူပေမဲ့ ပန်းတိုင်ခြင်း ကွဲပြားပါတယ်။ ဒါ့ကြောင့် အေအေရဲ့ တော်လှန်ရေးအရွေ့ အရှိန်သတ်တာနဲ့ တခြားအင်အားစုတွေက စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး။

အေအေဟာ အရင်ကတည်းက လှိုင်းအနိမ့်အမြင့်စီး အရှိန်အတင်အချလုပ်ပြီး လှော်ခတ်တတ်တယ် ဆိုတာကိုလည်း ဂရုစိုက်ကြည့်ရင် မြင်ပါလိမ့်မယ်။ အေအေဟာ စစ်တပိုင်းအစိုးရ ဦးသိန်းစိန် လက်ထက်မှာ တောက်လျှောက်ငြိမ်နေခဲ့ပြီး အန်အယ်လ်ဒီအရပ်သားအစိုးရ လက်ထက်မှာ စတင်တိုက်ပွဲဖော်ပါတယ်။ အေအေနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်း အရပ်သားအမတ်တွေနဲ့ စစ်တပ် အပြင်းအထန် ဝိဝါဒကွဲပြားခဲ့ရပါတယ်။ ဒီနောက် အေအေဟာ အာဏာသိမ်းပြီးစ နွေဦးတော်လှန်ရေး အစမှာ ငြိမ်နေခဲ့ပြန်ပြီး နွေဦးတော်လှန်ရေး အရှိန်ရစပြုတဲ့ကာလမှာ တိုက်ပွဲပြန်ဖော်ပါတယ်။ အာဆီယံရဲ့ ဖိအားတွေ မအလတို့ စစ်ခေါင်းဆောင်တသိုက်အပေါ်  ပိကျလာချိန်နဲ့ စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲအကြိုကာလမှာ တိုက်ပွဲတွေကို ရုတ်တရက် ရပ်တန့်ပစ်ပါတယ်။

စစ်တပ်နဲ့ အပစ်ရပ်ရတာဟာ လယ်သမားတွေ စပါးရိတ်သိမ်းရမယ့်အချိန် တန်တာက တကြောင်း၊ ဆေးဝါးရိက္ခာ ပိတ်ဆို့ခံထားရတာက တကြောင်းကြောင့်ဖြစ်တယ်လို့ အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အကြောင်းပြချက်ပေးပါတယ်။ ဒီ‌အကြောင်းပြချက်အပေါ် ဘဝမကျသူတွေလည်း ရှိပါတယ်။ ဘဝင်မကျသူတွေ ထောက်ပြတာက တခြားတိုင်းရင်းသားနယ်မြေတွေက စပါးတွေကရော မရင့်မှည့်သေးတဲ့ အချိန်မို့လားဆိုတာနဲ့ အေအေဟာ တဖက်လှည့် ဆေးဝါးတင်သွင်းဖို့ ကရင်၊ ကချင်တို့လို ကျောထောက်နောက်ခံပြု နိုင်ငံမရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်နေလို့လားဆိုတဲ့ မေးခွန်းတွေနဲ့ ဝေဖန်ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ ဆေးဝါးအမျိုးအစား ၄၀ ရာခိုင်နှုန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်က လာတာပါလို့လည်း ထောက်ပြသူတွေက ရေးသား ပြောဆိုကြပါတယ်။

ဘယ်လိုပဲ ပြောကြပါစေ၊ ရခိုင်တော်လှန်ရေး အရှိန်အတင်အချဟာ အေအေနဲ့သာ သက်ဆိုင်တာဟာ အရှိပကတိတရားပါပဲ။ သူတို့ရည်မှန်းထားတယ်ဆိုတဲ့ သီးခြားလွတ်လပ်သော နယ်မြေတခု ပိုင်ဆိုင်နိုင်ရေး အနီးအဝေးဟာ သူတို့ ဆောင်ရွက်ချက်နဲ့ပဲ သက်ဆိုင်ပါတယ်။ သူတို့ကြမ္မာ သူတို့ရေးနေတာကို ဟန့်တားဖို့ မသင့်သလို အားမလို အားမရ ဖြစ်နေလို့လည်း မရပါဘူး။ ရည်ရွယ်ရာပန်းတိုင်ချင်း မတူတဲ့အတွက် အကျိုးစီးပွား ဖော်ဆောင်နည်းလည်း မတူနိုင်တာကို နွေဦးတော်လှန်ရေး အင်အားစုတွေ သတိချပ်ကြဖို့ပါပဲ။ တော်လှန်ရေးလမ်းကြောင်းပေါ်မှာ လှော်ခတ်နေကြတာခြင်း တူပေမဲ့ ပန်းတိုင်ခြင်း မတူတဲ့အတွက် မိမိတို့လှေ ဘေးအန္တရာယ် လျော့နည်းရေးအတွက် သတင်းလုံခြုံရေးကို အထူးသတိပြုကြရန်သာ လိုအပ်ပါလိမ့်မယ်။

စောအဲမွန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013