DVB Logo
Home
Lead Story
ကျန်ဇီမင်းနဲ့ တရုတ်ပြည်က သတင်းနှစ်ပုဒ်
DVB
·
December 1, 2022
ကျန်ဇီမင်းနဲ့ တရုတ်ပြည်က သတင်းနှစ်ပုဒ်
Donate to DVB

ဒီရက်ထဲ တရုတ်ပြည်က သတင်းထူး နှစ်ခုကြားရတယ်။ တစ်ခုက တရုတ်ပြည်အနှံ့ မြို့ကြီးတချို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပြီး တရုတ်ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့နေကြတာဖြစ်ပြီး တစ်ခုက တရုတ်သမ္မတဟောင်း ကျန်ဇီမင်း၊ (အသက် ၉၆နှစ်) ကွယ်လွန်သွားပြီ ဆိုတဲ့သတင်းပါ။ 

တရုတ်ပြည်မှာ ဆန္ဒပြပွဲ အငယ်စားလေးတွေ ဖြစ်နေတာတော့ကြာပြီ။ ဒီရက်ထဲ ပိုစိပ်လာပြီး တက္ကသိုလ်ကျောင်းဝင်းတွေအထိ ပျံ့နှံ့လာတာ တွေ့ရတယ်။ အဓိက ကတော့ ရှီကျင့်ပင်ရဲ့ ဇီးရိုးကိုဗစ် မူဝါဒအရ ကိုဗစ်ကူးစက်မှုကို ပြင်းပြင်းထန်ထန် ထိန်းချုပ်မှုကြောင့်ပါ။ ကိုဗစ်ကူးစက်မှု တခု တွေ့လိုက်တာနဲ့ အဲဒီပတ်ဝန်းကျင်တခုလုံး အသွားအလာ ကန့်သတ်တာ၊ ဈေးပိတ်၊ ဆိုင်ပိတ်၊ စက်ရုံပိတ် လုပ်လိုက်တော့ ဒီလို ထိန်းချုပ်မှုအောက် ရောက်နေတဲ့ ပြည်သူတချို့ မကျေမနပ်ဖြစ်ရာက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအထိ ဖြစ်လာခဲ့တယ်။ အထူးသဖြင့် လူနေထူထပ်တဲ့ ရှန်ဟိုင်းလို၊ ဘေဂျင်းလို မြို့ကြီးတွေမှာ တင်းကျပ်တဲ့ lock down လုပ်တာတွေရှိလာတော့ လူတချို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တဲ့အထိ ဖြစ်လာတာပဲ။ 

တရုတ်အစိုးရရဲ့ မူဝါဒကတော့ ဇီးရိုး ကိုဗစ် ဆိုတဲ့အတိုင်း ကူးစက်မှုကို အလျင်အမြန် ထိန်းချုပ်စေတဲ့နည်းနဲ့ တားဆီးဖို့ပါ။ ဒါပေမဲ့လည်း ဒါဟာ ပေးဆပ်ရမှု အတော်ကြီးပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ စားသောက်ဆိုင်တွေ ရက်အတန်ကြာ ပိတ်ထားရတော့ ဆုံးရှုံးနစ်နာမှု အတော်ကြီးပါတယ်။ 

မကြာသေးခင်ကပဲ တရုတ်နိုင်ငံရဲ့ အကြီးဆုံး အိုင်ဖုန်းစက်ရုံမှာ အလုပ်သမားတွေနဲ့ လုံခြုံရေးတွေ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်။ ကိုဗစ်လော့ခ်ဒေါင်းကြောင့် အလုပ်သမားတွေကို ပေးရမယ့် နစ်နာကြေးမပေးနိုင်ရာက ဖြစ်ခဲ့သလို အလုပ်သမားတွေ ထွက်ပြေးကြတယ် ဆိုတာလည်း ကြားရတယ်။ အမေရိကန် Foxconn နည်းပညာအုပ်စုရဲ့ အိုင်ဖုန်းထုတ်လုပ်ရေးစက်ရုံဟာ ဟေနန်ပြည်နယ် ကျန်ကျို့မှာ ရှိပြီး အလုပ်သမား ၃၀၀၀၀၀ လောက် နေထိုင်လို့ “အိုင်ဖုန်းစီးတီး” လို့ ခေါ်တွင်တယ်။

တရုတ်ရဲ့ ဇီးရိုးကိုဗစ် ပေါ်လစီဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို သိသိသာသာ ထိခိုက်နေတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ၂၀၁၃ ကနေ ၂၀၁၈ အထိ တရုတ်ဟာ တကမ္ဘာလုံးကုန်ထုတ်လုပ်မှု GDP ရဲ့  ၂၈ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ကိုဗစ် ကာလနောက်ပိုင်း ၃ ဒသမ ၁ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ ဆိုတယ်။ လူတွေက အစိုးရရဲ့ တင်းကျပ်တဲ့ လော့ခ်ဒေါင်းတွေကို ကြောက်နေကြပြီ။ အထူးသဖြင့် လူငယ်တွေ။ အခု တကမ္ဘာလုံးနီးပါး ကိုဗစ်ကို pandemic လို့ မသတ်မှတ်တော့ဘဲ endemic အဖြစ် ဖြေလျှော့ပေးနေချိန်၊ ကမ္ဘာတခြမ်းမှာ လူတွေအားလုံး ကမ္ဘာ့ဖလားပွဲကို ပျော်ပျော်ပါးပါး ကြည့်နေကြချိန်မှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် လွတ်လပ်မှုပျောက်ဆုံးလာတဲ့ လူငယ်တွေ လမ်းပေါ်ထွက်လာခဲ့ကြတာ ဖြစ်တယ်။ 

နောက်ဆုံးသတင်းအရတော့ ဒီရက်ထဲ ဟောင်ကောင်အနီးက ကွမ်ကျို့နဲ့ ချုံကင်းမြို့တွေမှာ အစိုးရက ကိုဗစ်ကန့်သတ်ချက်တွေ ပြန်ရုပ်သိမ်းလိုက်ပြီလို့ သိရတယ်။ 

ဒီလို အခြေအနေမျိုးမှာပဲ တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်သွားပြီဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့တာပဲ။ ကျန်ဇီမင်း (အသက်-၉၆နှစ်) ဟာ နိုဝင်ဘာလ ၃၀ ရက်၊ နေ့လယ်ပိုင်းက ရှန်ဟိုင်းမြို့မှာ ကွယ်လွန်သွားတယ်လို့ ဆင်ဟွာသတင်းဌာနက ကြေညာတယ်။ ကျန်ဇီမင်းဟာ တရုတ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဦးဆောင်ခဲ့သူအဖြစ် ထင်ရှားတယ်။ တိန်အင်မင် အရေးအခင်းနောက်ပိုင်း ၁၉၈၉ ကနေ ၂၀၀၂ အထိ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ကနေ ၂၀၀၃ အထိ တရုတ်သမ္မတအဖြစ် သက်တမ်း နှစ်ဆက် တာဝန်ယူခဲ့တယ်။ 

ကျန်ဇီမင်းလက်ထက်မှာ အဆင်မပြေဖြစ်နေတဲ့ အမေရိကန်နဲ့ ဆက်ဆံရေး ပြေလည်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး တရုတ်ပြည် စီးပွားရေးတိုးတက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ အာရှစီးပွားရေးအကျပ်အတည်းကာလ (၁၉၉၇-၉၈) ကို တောင့်ခံနိုင်ခဲ့ပြီး ၂၀၀၁ မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ဝင်ရောက်နိုင်ခဲ့သလို သူ့လက်ထက်မှာပဲ ၂၀၀၈ ဘေဂျင်းအိုလံပစ်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်။ ကျန်ဇီမင်း လက်ထက် ၁၉၉၇ မှာ နှစ်ပေါင်း ၁၅၀ ကျော် ဗြိတိသျှလက်အောက်ရောက်နေတဲ့ ဟောင်ကောင်ကို တရုတ်နိုင်ငံလက်အောက် ပြန်ရောက်အောင် လုပ်ဆောင်ခဲ့တယ်။ ဒီလို ပြန်လည်ရရှိအောင် ၁၉၈၄ မှာ တိန်ရှောက်ဖိန်က ကနဦးကြိုးပမ်းပေးခဲ့တာဖြစ်ပြီး ကျန်ဇီမင်းလက်ထက်မှာ အကောင်အထည်ပေါ်လာတာ ဖြစ်တယ်။ 

ကျန်ဇီမင်းဟာ ၁၉၉၇ မှာ ပထမဦးဆုံး တရုတ်ခေါင်းဆောင်အဖြစ်နဲ့ အမေရိကန်ကို သွားရောက်ခဲ့ပြီး ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့တယ်။ အမေရိကန် သမ္မတ ဘီလ်ကလင်တန်နဲ့ တွေဆုံစဉ်မှာ နှစ်နိုင်ငံကြား အပြုသဘောဆောင် မဟာဗျူဟာဆက်ဆံရေးနဲ့ အချိန်ကာလရဲ့ ရေစီးနဲ့အတူ အတူတကွရှေ့ဆက်ကြဖို့ ပြောဆိုခဲ့တယ်။ ကျန်ဇီမင်းလက်ထက်မှာပဲ ၁၉၉၉ ဘဲလ်ဂရိတ် တရုတ်သံရုံးကို နေတိုးတပ်ဖွဲ့က ဗုံးကြဲမှု ပေါ်ပေါက်ခဲ့ပြီး တရုတ်တိုက်လေယာဉ်နဲ့ အမေရိကန်ထောက်လှမ်းရေးလေယာဉ် တရုတ်လေပိုင်နက်ထဲ တိုးတိုက်မှုဖြစ်ပေါ်ခဲ့လို့ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ၁၉၇၁ နောက်ပိုင်း အဆိုးရွားဆုံးအခြေအနေ ရောက်သွားပေမယ့် ဒီအကျပ်အတည်းကို ကျန်ဇီမင်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်။ ကျန်ဇီမင်းဟာ ၂၀၀၂ မှာ အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ်နဲ့ တက္ကဆက်မှာ တွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်အနည်းငယ်ထဲက တစ်ဦးဖြစ်တယ်။

သူ့လက်ထက်မှာ တရုတ်စီးပွားရေး တစ်နှစ်ပြီး တစ်နှစ် တိုးတက်ခဲ့သလို ဆင်းရဲ ချမ်းသာ ကွာဟာမှု၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ ကြီးထွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ်  လျှပ်စစ်အင်ဂျင်နီယာတစ်ဦး ဖြစ်ပြီး ကဗျာရေး၊ သီချင်းဆိုတတ်သလို ပွင့်ပွင့်လင်းလင်း နေတတ်တဲ့ ကျန်ဇီမင်းဟာ သူ့ရဲ့ Three represents မူဝါဒနဲ့ တရုတ်ဆိုရှယ်လစ်ဗိမာန်ကို အလှဆင်ခဲ့သူဖြစ်တယ်လို့ ဆိုတယ်။  သူ့ရဲ့ မူဝါဒက တရုတ်ကွန်မြူနစ်ပါတီမှာ လူတန်းစားပေါင်းစုံ ပါဝင်လာရေးဖြစ်တယ်။ 

၂၀၀၂ ခုနှစ်မှာ ဟူကျင်တောင်းက တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်လာပြီး ကျန်ဇီမင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် ၂၀၀၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ပြီးနောက်မှာ ရာထူးက လုံးဝအနားယူသွားခဲ့တယ်။ 

မကွယ်လွန်မီ ကျန်ဇီမင်းကို နောက်ဆုံးမြင်တွေ့လိုက်ကြရတာက ၂၀၁၉ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်တဲ့ နှစ် (၇၀) ပြည့်အခမ်းအနားမှာဖြစ်ပြီး တခြားသော တရုတ်ခေါင်းဆောင်ကြီးများနဲ့အတူ စစ်ရေးပြအခမ်းအနားကို ကြည့်ရှုခဲ့တာပဲ ဖြစ်တယ်။ 

CWM

 Ref: China's Jiang Zemin confounded doubters, mended US ties. Photo: CNA 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013