
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ငဝန်တာ ကျိုးပေါက်ရာကနေ ရေစကြီးခဲ့ပြီး အခုတော့ ငါးသိုင်းချောင်းမြို့မှာလည်း ရေကြီးနေသလို ဒေသခံတွေ ပြောင်းရွှေ့နေထိုင်နေတဲ့ ကယ်ဆယ်ရေးစခန်း ၁၄ ခုမှာလည်း ရေတွေထပ်တက်လာတာကြောင့် တာကျင်းအောက် ကားလမ်းဘေးတွေမှာ တဲထိုးနေလာရတဲ့အထိ ဖြစ်လာပါတယ်။
လက်ရှိ ရေဘေးသင့်အခြေအနေနဲ့ ပတ်သက်လို့ ငါးသိုင်းချောင်းမြို့ပေါ်မှာ ပထမဆုံးရေမြုပ်ခဲ့တဲ့ မြို့သစ်ရပ်ကွက်သားတယောက်က “အခုလက်ရှိပြန့်တာတော့ လေးမျက်နှာ၊ အိုင်သပြု၊ အဲဘက်တွေက အခြေအနေက ငြိမ်ပြီဆိုပေမဲ့ ကျနော်တို့ဘက်မှာတော့ တအားခက်ခဲနေပြီ။ နီးစပ်ရာ ဘုန်းကြီးကျောင်းလည်းရွှေ့တယ်၊ ရပ်ကွက်အလိုက်လည်း ရွှေ့တယ်၊ ကျောင်းတွေ မှာလည်းထားတယ်။ ဒါပေမဲ့ ရေတွေက ဝင်စမြဲမို့ နေရေးထိုင်ရေး စားရေးသောက်ရေး အဆင်မပြေဘူးပေါ့နော်။ ဘယ်လောက်ပဲ ပိုက်ဆံပဲရှိရှိ နေရေးထိုင်ရေးက လုံးဝ အဆင်မပြေပါ ဘူး။ အဓိကထားပြီး လှူပေးစေချင်တာကတော့ သောက်ရေသန့် အဲလိုမျိုးလေး လှူပေး စေချင်ပါတယ်။ ဆန်ဆီဆားလိုအပ်တာလေး၊ အင်္ကျီအဝတ်အစား၊ ဒီလောက်ပါပဲ။ ပိုက်ဆံတွေတော့ မလှူပါနဲ့၊ ပိုက်ဆံရှိလည်း ဘယ်မှဝယ်လို့မရဘူး” လို့ ပြောပါတယ်။
ငါးသိုင်းချောင်းမြို့ထဲမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေလည်း ရေတွေဝင်ရောက်လာပြီဖြစ်လို့ ကယ်ဆယ်ရေးစခန်းကို ရောက်ရှိ နေကြတဲ့ လူ ၁,၀၀၀ လောက်ဟာ ထပ်မံပြောင်းရွှေ့ဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။
ရွှေဘိုရပ်ကွက်ကနေ အိမ်ရေမြုပ်လို့ လေးထပ်ကျောင်းကို ပြောင်းခဲ့ပေမဲ့ ရေထပ်ဝင်လာလို့ အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ပြောင်းစရာမရှိလို့လေ၊ ဒီကကျပြန်တော့ ဒီကိုလွှဲတယ်။ ဒီကိုလွှဲတော့ ဒီကဘာလုပ်လဲ ဖယောင်းတိုင် မထွန်းရဘူးတဲ့။ မီးလည်းမပေးဘူးတဲ့။ ရေမသုံးရဘူးတဲ့။ ထမင်းမချက်ရဘူး ဆိုတော့ ဘယ်လိုလုပ်မလဲ။ အဲတော့ မထူးဘူးဆိုပြီး ပြန်သယ်လာပြီး တာပေါ်က ဈေးတန်းမှာ တညတာ ခိုမယ်။ ဈေးသည်တွေဆီမှာ ခိုပြီးရင် မနက်ဖြန်ကျတော့ ဟိုး တာကြီးပေါ်မှာ ပိုက်ဆံ ရှိစု၊ မဲ့စုလေးနဲ့ တဲထိုးနေမယ်။ ကလေးတွေလည်းရှိတော့ တော်ကြာ ကလေးတွေက အုန်းဒိုင်း လုပ်လို့၊ ဆူလို့ဆိုဖြစ်နေဦးမယ်။ ပထမတုန်းကတော့ အဲမှာ ဒီအောက်ထပ်က ရေဝင်သွားရင် အပေါ်ထပ်ကို တင်ပေးမယ်ပြောတယ်။ အခုလည်းကျရော မတင်ပေးတော့ဘူး။ အဲကျောင်းကြီးကို ပြောင်း၊ ဒီကျောင်းကို။ ဒီမှာလည်း ရေတွေနဲ့ သိသိကြီးနဲ့ သူတို့ ဘာကြောင့် ပြောင်းခိုင်းတာလဲ။ ဒီအခြေအနေတွေ သူတို့အကုန်သိတာပဲ။ သိရက်သားနဲ့ ပြောင်းခိုင်းတယ်။ ပြောင်းခိုင်းတော့ ဒီမှာနေလို့အဆင်မပြေလို့ ပြန်မယ်” လို့ ပြောပါတယ်။
ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတဲ့ ငါးသိုင်းချောင်း အထကမှာ အောက်ထပ်ကျောင်းဆောင်က ရေမြုပ်နေပြီး အပေါ်ထပ်ကျောင်းဆောင်မှာ နေထိုင်သူတွေလည်း ထမင်းချက်စားလို့မရသလို မီးအသုံးပြုခွင့် မပေးထားဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အညစ်အကြေးစွန့်ပစ်ရာမှာလည်း အခက်အခဲတွေရှိလာနေတယ်လို့ သိရပါတယ်။
ငါးသိုင်းချောင်းဒေသခံတယောက်က “ကျနော်တို့က ရွှေဘိုရပ်ကွက်က၊ ဒီမှာက ထမင်းချက်စား လို့ မရဘူးလေ။ သံတွေဘာတွေ နံရံမှာရိုက်လို့မရဘူး။ မရှိတဲ့သူကျတော့လည်း ဆိုင်မှာလည်း ဝယ်စားလို့မရဘူးလေ။ လာလှူမှ စားရတာ။ ဟိုက လာလှူတာက တခါတလေကျတော့ ညနေဘက်ပဲလာတယ်။ တခါတလေကျတော့ မလာဘူး။ တရက်နှစ်ရက် ကြာတယ်။ သောက်ရေလည်းမရှိဘူး။ လှူတာကတော့ လှူကြပါတယ်။ မြို့ထဲမှာလှူကြတယ်။ ဒီကျောင်း ရောက်တဲ့အခါကျတော့ ရေနဲ့ဆိုတော့ တော်တန်ရုံအလှူရှင်က မလာဘူးလေ” လို့ ပြောပါတယ်။
ငဝန်တာကျိုးပေါက်တာ ၃ ပတ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး ငါးသိုင်းချောင်းရေဘေးအတွက် ပရဟိတအဖွဲ့တွေကပဲ အကူအညီပေးနေတာဖြစ်လို့ မြို့ပေါ်မှာတင် အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရပြီး ကျေးရွာတွေမှာလည်း ပိတ်မိနေတဲ့ ဒေသခံတွေအများအပြား ရှိနေတယ်လို့ သိရပါတယ်။
ရေက တဖြည်းဖြည်းဆက်တက်နေပြီး လုံလောက်တဲ့ စီမံခန့်ခွဲမှုတွေမရှိလို့ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။











