
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မေ ၆ ရက် နေ့လယ် ၂ နာရီခွဲကျော်လောက်က မိုးသည်းထန်ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ မိုးအရမ်းသည်းပြီး လေပြင်းတိုက်ခတ်တာကြောင့် လားရှိုးမြို့ပေါ် လမ်းမတွေနဲ့ ရပ်ကွက်အချို့မှာ သစ်ပင်ကြီးတွေ၊ သစ်ကိုင်းတွေ လဲကျခဲ့သလို လမ်းဘေးမှာရှိတဲ့ ဗီနိုင်းဆိုင်းဘုတ်နဲ့ ကြော်ငြာဆိုင်းဘုတ်အချို့လည်း လဲကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သစ်ပင်နဲ့ သစ်ကိုင်းတွေ လမ်းပေါ်လဲကျတာကြောင့် ယာဉ်အသွားအလာ အခက်အခဲဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာတွေအတွက်လည်း အန္တရာယ်ရှိတဲ့အခြေအနေတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
“မိုးက အရမ်းသည်းပြီး လေကလည်း တအားပြင်းတယ်။ သစ်ပင်တွေ လဲကုန်တော့ လမ်းပေါ် သွားလာရတာတောင် ကြောက်စရာကောင်းနေတယ်” လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
ဒါ့အပြင် သစ်ကိုင်းကျိုးကျတာနဲ့ ပစ္စည်းတွေ လဲကျတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။
မိုးရာသီနီးလာတာနဲ့အမျှ အခုလို မိုးသည်းထန်တာနဲ့ လေပြင်းတိုက်ခတ်မှုတွေ ထပ်ဖြစ်နိုင်တာကြောင့် သတိထားသွားလာဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။











