
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ အပါအဝင် စစ်ရှောင် ၁,၀၀၀ ကျော်ဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။
လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် ကယ်ဆယ်ရေးတွေ မရောက်သေးတဲ့အတွက် စစ်ရှောင်တွေဟာ အရေးပေါ်အကူအညီ ထောက်ပံ့မှုတွေ လိုအပ်နေပါတယ်။
စစ်တပ်ဟာ မေလပထမအပတ်တည်းက ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းပိုင်းကနေ ဖရူဆိုမြို့နယ် အရှေ့ခြမ်းဘက်ကို စစ်ကြောင်းထိုးနေတာပါ။
လက်ရှိထိုးစစ်ကြောင့် ဖရူဆိုအရှေ့ခြမ်းက ကျေးရွာ ၃ ရွာနဲ့ ထားလဲရွာတဝိုက်က ဒေသခံတွေ အပါအဝင် စစ်ရှောင် ၁,၀၀၀ ကျော်ဟာ အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်နေတယ်လို့ CTER - Karenni က DVB ကို ပြောပါတယ်။
“လမ်းကြောင်းအခြေအနေအရ သူတို့ဆီသွားဖို့ အဆင်ပြေမနေဘူး။ လောလောဆယ် ရွာထဲမှာ ပိတ်မိနေတဲ့သူတွေလည်း ရှိသေးတယ်။ လုံခြုံရေးအရ ရွာနာမည်တွေတော့ ပြောလို့မရဘူး။ ထားလဲရွာဘက်က အုပ်စုတအုပ်စုလုံးနဲ့ ဖရူဆိုအရှေ့ခြမ်းက ရွာ ၃ ရွာက သူတွေပါ။”
ပြီးခဲ့တဲ့ မေ ၈ ရက်က ဖရူဆိုမြို့နယ်ထဲက ဝှယ်ဒူးလျား စစ်ဘေးရှောင်စခန်းကို စစ်တပ်ကဝင်လာပြီး မီးဝင်ရှို့သွားလို့ အိမ်ခြေ ၆၀ ထဲက အလုံး ၃၀ ကျော် မီးလောင်ပြာကျသွားပြီး စစ်ရှောင်အယောက် ၄၀၀ နီးပါးဟာ နီးစပ်ရာ တောတောင်ထဲ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဝှယ်ဒူးလျား စစ်ရှောင်စခန်းကနေ ထွက်ပြေးလာရတဲ့ စစ်ရှောင်က DVB ကို ဆက်ရှင်းပြပါတယ်။
ဝှယ်ဒူးလျား စစ်ရှောင်စခန်းဟာ ဖရူဆိုနဲ့ ဒီးမော့ဆိုဘက်က စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နေကြတဲ့ စစ်ရှောင်စခန်းတခုဖြစ်ပြီး လက်ရှိ တောတောင်တွေထဲမှာ အစားအသောက်၊ အဝတ်အထည်နဲ့ ယာယီခိုလှုံစရာတွေ အရေးပေါ် လိုအပ်နေကြပါတယ်။
စစ်ကြောင်းက စစ်ရှောင်စခန်းထဲကနေ ပြန်ထွက်သွားပြီဖြစ်ပေမဲ့ တိုက်ပွဲတွေ ရှိနေသေးတာကြောင့် လုံခြံရေးအရ စစ်ရှောင်တွေဟာ မူလစခန်းကို မပြန်ရဲသေးဘဲ တောတောင်တွေထဲမှာ ဆက်လက် တိမ်းရှောင်နေကြတာပါ။
လက်ရှိ စစ်တပ်ရဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားရတဲ့ အကြောင်းအရင်းကို မြေပြင်မှာရှိနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်က သူ့အမြင်ကို ပြောပြပါတယ်။
“ဒီးမော့ဆို အရှေ့ အနောက် ကူးတဲ့လမ်းကို ထိုးဖောက်နေတာရှိတယ်။ ဒါပေမဲ့ ပေါက်တော့မပေါက်ဘူး။ ဒါပေမဲ့ သူတို့ အထိနာတော့ သူတို့ပြန်ထိုးလာတာပေါ့၊ အဲလိုမျိုး ပြောလို့ရတယ်။ အရှေ့ဘက်ခြမ်းမှာကျတော့ ခိုးရားခူ(ရွာ)ဘက်ခြမ်းပေါ့၊ ခိုးရားခူရွာဘက် ဝင်လာရင် အဲဘက်လည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ လမ်းမကြီး ထားလဲ(ရွာ)တဝိုက်နား လမ်းကြီးအရှေ့ဘက်ကော အနောက်ဘက်ကော တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေမျိုးပေါ့။ ပြီးတော့ စလဲလုံ(ရွာ)က်ပေါ့၊ နန်းဖဲ မယ့်စလောင်းတောင် အောက်နားပေါ့၊ စလဲလုံရွာလည်း မီးရှို့သွားတာရှိတယ်၊ ရွာထဲထိဝင်လာပြီးတော့ ရွာမှာတော့ ဘယ်သူမှတော့ မရှိတော့ပါဘူး။”
လက်ရှိမှာတော့ စစ်တပ်စစ်ကြောင်းဟာ ဖရူဆိုအရှေ့ခြမ်းနဲ့ ထားလဲကျေးရွာတဝိုက်မှာ ဆက်လက်လှုပ်ရှားနေသလို လမ်းကြောင်းပေါ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ တောထဲက စစ်ဘေးရှောင်တွေဆီကို ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိဖို့ ခက်ခဲနေပြီး မိုးရာသီအဝင်မှာ အမိုးအကာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် မရရှိဘူးဆိုရင် စစ်ရှောင်တွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။











