DVB Logo
Home
မြန်မာသတင်း
ကျောက်တော် လေကြောင်းတိုက်ခိုက်မှု ကုလသမဂ္ဂနှင့် ယူကေ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ
DVB
·
September 30, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့အပါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စိုးရိမ်ထိတ်လန့်မိပြီး အရပ်သားတွေအပေါ် ဆက်လက်ပြုလုပ်နေတဲ့ တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိ စတီဖန်ဒူဂျာရစ်က စက်တင်ဘာ ၂၉ ရက်က သတင်းထောက် တွေကို ပြောကြားလိုက်တာဖြစ်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

စတီဖန် ဒူဂျာရစ်က "အတွင်းရေးမှူးချုပ်ဟာ ဒီတိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေအောက်မှာရှိတဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့အတွက် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ကြဖို့ ပဋိပက္ခမှာ ပါဝင်သူ အဖွဲ့အစည်း အားလုံးကို တောင်းဆိုပါတယ်"လို့ ပြောပါတယ်။

ကျောက်တော် လေကြောင်း တိုက်ခိုက်မှုမှာ အဓိကတာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးဖို့လည်း ကုလသမဂ္ဂအကြီးအကဲက  စစ်အာဏာရှင်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ 

စတီဖန် ဒူဂျာရစ်က “ဒီလေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်သူတွေကိုလည်း အရေးယူ အပြစ်ပေးဖို့ အသိပေး တောင်းဆိုပါတယ်။ အတွင်းရေးမှူးချုပ်ဟာ ကုလသမဂ္ဂနဲ့ ကျနော်တို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို လိုအပ်နေတဲ့ ဘယ်နေရာ၊ ဘယ်သူ့ထံ မဆို ပေးအပ်နိုင်ရေး ဘေးကင်း၊ စဉ်ဆက်မပြတ်နဲ့ အဟန့်အတားမရှိတဲ့ လမ်းကြောင်း တွေ ဖန်တီးပေးဖို့ ပဋိပက္ခမှာပါဝင်သူ အဖွဲ့အစည်း အားလုံးကို တိုက်တွန်းပါတယ်”လို့ ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် နေ့လယ်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ အိန္ဒိယဈေးအနီးကို  စစ်အာဏာရှင်တပ်က  လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ လောက်သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

စတီဖန်ဒူဂျာရစ်က “ကျနော်တို့ အလွန်စိုးရိမ်ပူပန်မိပါတယ်။ ဒဏ်ရာရရှိသူ အများအပြားဟာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိထားကြပါတယ်။ ကျနော်တို့ရဲ့ စာနာစိုးရိမ်မှုတွေဟာ ထိခိုက်ခံစားရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့အတူ ရှိနေပါတယ်။ ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာတွေ အပါအဝင် ဒုက္ခသည်တွေနဲ့ တခြား နေရပ်စွန့်ခွာသူတွေ ဘေးကင်းစွာ၊ ဆန္ဒအလျောက်၊ သိက္ခာရှိစွာနဲ့ ရေရှည်တည်တံ့စွာ ပြန်လည်နေထိုင်ဖို့ အခြေအနေတွေ လက်ရှိမှာ မရှိသေးဘူးဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ ခု နောက်ဆုံးဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုဟာ အဲဒီအဖြစ်မှန်ကို အတိအလင်း ပေါ်လွင်စေပါတယ်”လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကလည်း ဒီစစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပြီး ခုနောက်ဆုံး တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေကို လိုက်နာစောင့်ထိန်းမှုအတွက် စိုးရိမ်မကင်းစရာ မေးခွန်းတွေ အကြီးအကျယ် ထွက်ပေါ်စေတယ်လို့ ထောက်ပြခဲ့ပါတယ်။ 

ကျောက်တော်လေကြောင်းတိုက်ခိုက်မှုဟာ ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူ၊ ဒိုင်းနက်နဲ့ တခြားလူနည်းစု အသိုက်အဝန်းတွေ ပါဝင်ရောင်းဝယ်ဖောက်ကားနေတဲ့ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိတဲ့ အိန္ဒိယ ဈေးအနီး အရပ်သားတွေ အမြောက်အမြား စုဝေးနေတဲ့ လူစည်ကားချိန်မှာ ပြုလုပ်ခဲ့တာကြောင့် လူအသေအပျောက် များခဲ့တာလည်းဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က “ခုလို နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ လက်နက်ကိုင်ပဋိပက္ခစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လိုက်နာစောင့်ထိန်းမှု ရှိ၊ မရှိအပေါ် စိုးရိမ် မကင်းစရာ မေးခွန်းတွေ အကြီးအကျယ် ထွက်ပေါ်စေပါတယ်။ ဒီဥပဒေအရ စစ်မက်ဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ရာမှာ ပစ်မှတ် ခွဲခြားသတ်မှတ်မှု၊ အချိုးအစား ညီမျှမှုနဲ့ ကြိုတင်သတိထား စောင့်ရှောက်မှုဆိုင်ရာ မူဝါဒတွေကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။   

ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရပ်သားတွေ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ အန္တရာယ်ကင်းမဲ့မှု ဘေးဒုက္ခကို မီးမောင်းထိုးပြနေပြီး၊ ရခိုင်ပြည်နယ်မှာတော့ ဒီအခြေအနေဟာ အဆိုးရွားဆုံးပဲလို့ ဗော်လ်ကာတာ့ခ်က ဆက်လက် ပြောကြားခဲ့ပါတယ်။ 

“နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကြောင့် ပျက်စီးယိုယွင်းနေရပြီး၊ နိုင်ငံအတွင်းရှိ ပြည်သူတွေဟာလည်း စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ခေါင်းပုံဖြတ် ဖိနှိပ်မှုတွေကို ကြုံတွေ့နေကြရပါတယ်။” 

ကျောက်တော်မြို့အပေါ် စစ်တပ် လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး  အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ ယူကေအစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ထုတ်ပြန်ပြောပါတယ်။

ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး ဘာရွန်နက်စ် ဝင်းတားတန်က "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ဈေးတခုအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အတွက် မိမိတို့ အလွန်အမင်း စိုးရိမ်တုန်လှုပ်မိပါတယ်။ ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်။ အရပ်သားပြည်သူအားလုံးကို အကာအကွယ်‌‌‌ပေးဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ယူကေက ပြတ်ပြတ်သားသား ပြောကြားထားပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဟာ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား ၅,၀၀၀ လောက်ကို ပြန်လည် ပြည်နှင်ဒဏ်ပေးမဲ့ အစီအစဉ်ကို စတင်မလုပ်ဆောင်မီ နာရီပိုင်းအလိုမှာ ဖြစ်ပွားခဲ့တာပါ။

မလေးရှား အာဏာပိုင်တွေက မြန်မာနိုင်ငံသား ၁,၅၀၀ လောက်ကို မနေ့က ပထမအသုတ်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီးလည်း ကုလသမဂ္ဂတာဝန်ရှိသူတွေက စိုးရိမ်တဲ့ အကြောင်း  ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က “ဒီလုပ်ငန်းစဉ်ကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ နောက်ထပ် ပြန်လည်ပို့ဆောင်တာတွေကို မလုပ်ဆောင်ဖို့ မလေးရှားအာဏာပိုင်တွေကို ပြင်းထန်စွာ တိုက်တွန်းပါတယ်။ ကျနော် ခုတင်ပဲ ပြောခဲ့သလိုပါပဲ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက်မှုတွေ ကျယ်ပြန့်စွာ ဖြစ်ပွားနေတာကို ခင်ဗျားတို့ တွေ့မြင်ကြရမှာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ လက်ရှိအခြေအနေတွေဟာ ဘေးကင်း၊ သိက္ခာရှိပြီး ရေရှည်တည်တံ့တဲ့ ပြန်လည်နေထိုင်ရေးကို ခွင့်မပြုကြောင်းနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ နိုင်ငံအားလုံးမှာ မဖြစ်မနေ လိုက်နာရမဲ့ တာဝန်ရှိကြောင်း UNHCR က ကိုင်စွဲထားပါတယ်။ ဖိနှိပ်ချုပ်ချယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ကြီးမားတဲ့ ထိခိုက်နစ်နာမှု ဒါမှမဟုတ် အသက်အန္တရာယ်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးအပေါ် တခြားခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ နိုင်ငံတခုကို ဘယ်သူ့ကိုမှ ပြန်မပို့သင့်ပါဘူး”လို့ ပြောပါတယ်။

မလေးရှားနိုင်ငံက မြန်မာစစ်ရေယာဉ် ၃ စင်းနဲ့  မြန်မာနိုင်ငံသား ၁,၄၇၆ ယောက်ကို ပြန်လည် ပို့ဆောင်ခဲ့ရာမှာ  အသက် ၈ နှစ်မှ ၆၀ နှစ်အတွင်းရှိ အမျိုးသား ၁,၃၇၀ ယောက်၊ အမျိုးသမီး ၇၉ ယောက်၊ အမျိုးသားငယ် ၂၀ ယောက်နဲ့ အမျိုးသမီးငယ် ၇ ယောက်ပါဝင်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် မာခ်ဇန် မာဟီယူဒင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မလေးရှားသတင်း Bernama က ဖော်ပြခဲ့ပါတယ်။

အရမ်းကို စိုးရိမ်ရတဲ့ မြေပြင်အခြေအနေမှာ ဘယ်သူ တဦးတယောက်ကိုမှ မြန်မာနိုင်ငံသို့ အဓမ္မ ပြန်မပို့ဖို့  လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က  တိုက်တွန်း တောင်းဆို လိုက်ပါတယ်။ 

“လူ့အခွင့်အရေး အဓမ္မ ချိုးဖောက်မှုတွေ ခေါင်းပုံဖြတ်မှုတွေနဲ့ ပြည့်နှက်နေပြီး ပြန်ရောက်တာနဲ့ အလားတူ အကြမ်းဖက်မှုတွေကို ထပ်မံကြုံတွေ့ရဖို့ အမှန်တကယ် အန္တရာယ်ရှိနေတဲ့ နိုင်ငံတခုကို ဘယ်သူ့ကိုမှ အဓမ္မ ပြန်မပို့သင့်တဲ့ အချိန်ဖြစ်ပါတယ်။”

ဒုက္ခသည်တွေနဲ့ လိုအပ်နေသူတွေထံ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ဘေးကင်းလုံခြုံစွာနဲ့ အဟန့်အတားမရှိ အကူအညီတွေ ပေးအပ်နိုင်ရေး လမ်းကြောင်းဖွင့်ပေးဖို့လည်း တိုက်တွန်းသွား ပါတယ်။

ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ်အတွင်းစစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေထဲမှာ   လူအစုလိုက်အပြုံလိုက် သေဆုံးသူအများဆုံးနဲ့ အဆိုးရွားဆုံးအဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင် အပြစ်မဲ့ အရပ်သား ရာနဲ့ချီ သေဆုံး/ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အခုလို အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ အမိန့်ပေးသူ၊ အမိန့်လိုက်နာသူတွေနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို မှတ်တမ်းတင်ထားပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုတွေလုပ်သွားမယ်လို့ AA က ထုတ်ပြန် ထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုနဲ့ စစ်အာဏာရှင် ဘက်ကတော့ သီးခြား တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013