
ကမ္ဘာ့အမြန်ဆုံးသော စူပါကွန်ပျူတာများ အဆင့်သတ်မှတ်ချက်မှာ တရုတ်က အမေရိကန်ကို ကျော်တက်သွားပြီလို့ ဇွန် ၂၃ ရက် နောက်ဆုံးစာရင်းအရ သိရပါတယ်။
အဲဒီစာရင်းကနေ အဆင့်မြင့်နည်းပညာကဏ္ဍမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ တရုတ်ရဲ့ ယှဉ်ပြိုင် နိုင်စွမ်း ဘယ်လောက်ကြီးထွားလာပြီလဲ ဆိုတာကို ပြသနေပါတယ်။
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာထုတ်ပြန်ခဲ့တဲ့ TOP 500 စာရင်းအရ LineShine တရုတ်စူပါ ကွန်ပျူတာက အမေရိကန်အခြေစိုက် El Capitan ကို ကျော်ဖြတ်ပြီး ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံး ကွန်ပျူတာစနစ် ဖြစ်လာပါတယ်။
တရုတ်မြို့ ရှန်ကျန်းမှာ ရှိနေတဲ့ LineShine စနစ်က တစက္ကန့်ကို တွက်ချက်မှုပေါင်း ၂ ကွင်တီလီယံ နဲ့အထက် လုပ်ဆောင်ပေးနိုင်ပြီး ဒါဟာ El Capitan ထက် ၂၀ ရာခိုင်နှုန်း သာလွန်ပါတယ်။
အဲဒီနောက် အမေရိကန်ပြည်နယ် တန်နက်ဆီ-အခြေစိုက် Frontier နဲ့ အီလီနွိုက်စ် ပြည်နယ် အခြေစိုက် Aurora အပါအဝင် ဂျာမနီနိုင်ငံရဲ့ Jupiter စနစ်တွေကလည်း အစဉ်လိုက် ရပ်တည် နေတာကို တွေ့ရပါတယ်။
အလားတူ ထိပ်တန်းစူပါကွန်ပျူတာ အဆင့် ၂၀ ထဲမှာတော့ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ အီတလီ၊ နယ်သာလန်နဲ့ ဆွစ်ဇာလန်တို့ ပါဝင်နေ ပါတယ်။
၁၉၉၃ ခုနှစ်ကတည်းက တနှစ်-နှစ်ကြိမ် ထုတ်ပြန်လေ့ရှိတဲ့ TOP 500 စာရင်းဟာ ကမ္ဘာတဝန်း စူပါကွန်ပျူတာတွေရဲ့ အချက်အလက်တွေကို စုစည်းထားတာဖြစ်တဲ့အလျောက် ဩဇာလွှမ်းမိုးမှု ကြီးမားပါတယ်။
ဒါ့အပြင် AI လိုမျိုး နောက်ဆုံးပေါ် နည်းပညာနယ်ပယ်တွေမှာ ကမ္ဘာကြီးရဲ့ ဦးဆောင်သူ ဖြစ်လာဖို့ အတွက် အမေရိကန်နဲ့ တရုတ်တို့ကြား ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့အပြင် အပြန်အလှန် အရေးယူ ပိတ်ဆို့မှုတွေပါ ချမှတ်လေ့ရှိပါတယ်။
၂၀၂၆ ခုနှစ်အတွက် Stanford တက္ကသိုလ်ကြီးရဲ့ AI ညွှန်းကိန်းအစီရင်ခံစာအရတော့ ဉာဏ်ရည်တု မော်ဒယ်တွေရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ အမေရိကန်နဲ့ ကွာဟချက်ကို တရုတ်ဘက်က သိသိသာသာ လျှော့ချလာနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်က ထိပ်တန်းအဆင့်ရှိတဲ့ AI မော်ဒယ်တွေကို ပိုမိုထုတ်လုပ်နိုင်ပေမဲ့လည်း တရုတ်ဟာ တီထွင်ဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့်တွေနဲ့ စက်မှုလုပ်ငန်းသုံး စက်ရုပ်တွေ တပ်ဆင် အသုံးပြုတဲ့နေရာ မှာ အသာစီးရနေတယ်ဆိုပြီး ဖော်ပြထားပါတယ်။
Source:Reuters










