DVB Logo
Home
Lead Story
ထောက်ပို့ဆိုရင် ထောက်ဖို့လိုပြီ
DVB
·
November 28, 2022
ထောက်ပို့ဆိုရင် ထောက်ဖို့လိုပြီ
Donate to DVB

ကိုင်းဗျား…. တော်လှန်ရေးကတော့ အချိုးအကွေ့တွေ တစတစ ပေါ်လာပြန်ပါပြီ။ ရန်သူဘက်ကလည်း အပြင်းအထန် ချေမှုန်းနေပြီး တော်လှန်ရေးအဖွဲ့တွေကလည်း ရရာလက်နက်နဲ့ မီးကုန်ယမ်းကုန် တီးနေပါပြီ။ ဒီတော့ ပြောစရာလေးတွေက ငြိမ်းမောင်မှာ ရှိလာပြန်ရော။

ပထမတချက်ကတော့ ထောက်ပို့သမားစစ်စစ်တွေကို အသိပေးချင်တာပါ။ ခုချိန်မှာ တော်လှန်ရေးအနွယ်ဝင် အဖွဲ့တွေဟာ မှိုလိုပေါက်နေပါတယ်။ လုပ်တဲ့အဖွဲ့ရော၊ မလုပ်တဲ့အဖွဲ့ရော၊ လုပ်နိုင်တဲ့အဖွဲ့ရော၊ မလုပ်နိုင်တဲ့အဖွဲ့ရောပေါ့။ နွေဦးတော်လှန်ရေးရဲ့ ပကတိဘာဝ ဝင်ငွေရင်းမြစ်ဟာ လူထုပဲဖြစ်တယ်။ မပြီးမချင်း လူထုကသာ အဓိက ငွေကြေးထောက်ပံ့ရမှာပါ။ ဒီတော့ ပြည်သူ့ဘဏ္ဍာ အလကား အလေအလွင့် မရှိရလေအောင် ဂရုပြုဖို့ လိုလာပါပြီ။

ဗုဒ္ဓဘာသာ အယူအဆတခု ရှိပါတယ်။ လှူတာ ကိုယ့်စေတနာ ကိုယ်အကျိုးပေးတာပေါ့.. သူ မဟုတ်တာလုပ်ရင် သူခံပေါ့ကွယ်ဆိုတဲ့ ဘာသာရေးဆိုင်ရာ ဆန္ဒစွဲတခု ရှိပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတာ အဲသလို ဘာသာရေးအယူဆနဲ့ ရောယှက်ဖို့ မသင့်ပါဘူး။

တော်လှန်ရေးဆိုတာ ဖိနှိပ်သတ်ဖြတ်သူ လူတန်းစားတရပ်ကို ဖိနှိပ်ခံ သတ်ဖြတ်ခံရတဲ့ လူတန်းစားတရပ်က ဝိုင်းဝန်းပုန်ကန် သတ်ဖြတ်တော်လှန်ကြတာပါပဲ ဆိုတဲ့ သဘောတရားကို ဥက္ကဋ္ဌကြီးမော်က ပြောခဲ့ဖူးပါတယ်။

ဒါကြောင့် တော်လှန်ရေးဆိုတာ လိုအပ်ရင် လူသတ်ရတယ်။ မီးရှို့ရတယ်။ ဒီလို တော်လှန်သော ကြမ်းတမ်းသည့် လုပ်ရပ်တွေကိုတောင် လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် ကိုယ်လှူလိုက်တဲ့ အလှူတွေ တကယ်တော်လှန်ရေးကို ဝင်ရောက်သလားဆိုတာ မဖြစ်မနေ အကဲခတ် စောင့်ကြည့်ရပါမယ်။ တကယ်လုပ်တဲ့အဖွဲ့ဆိုရင် တကယ်ထောက်ပံ့ပေးရသလို မလုပ်ဘဲ တခုခုဆို ပြည်သူ့ရှေ့ကပြေးတဲ့ အဖွဲ့တွေကိုလည်း ဝင်ငွေဖြတ်သင့်ရင် ဖြတ်ရပါမယ်။

စစ်အနိုင်တိုက်ရေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လာသမျှ စစ်ခွေးကို အမှုန့်ကြိတ်ဖို့လည်း မပြောပါဘူး။ စစ်ကြောင်းထိုးလာပြီဆိုတာနဲ့ ပြည်သူကို အရင်ကယ်ထုတ်ရပါမယ်။ စစ်ကြောင်းက နီးလွန်းနေရင် မိုင်းဆွဲတာမျိုးနဲ့ ခေတ္တအချိန်ဆွဲပေးရပါမယ်။ ဒါမှ လူထုဟာ နွားတကောင်မကျန်၊ ထယ်သွားတခုမကျန် သယ်ဆောင်ပြီး စိတ်လုံခြုံမှုအပြည့်နဲ့ ပြေးနိုင်မှာပါ။ ကာကွယ်ရေးတပ် ဖြစ်တဲ့အတွက် ကာကွယ်ရေးဆိုတာ ဝင်ရောက်လာတဲ့ ရန်သူက အန္တရာယ်မပြုနိုင်အောင် လွတ်ရာရှောင်ရပါမယ်။

ဒုတိယအဆင့်ကမှ ကိုယ့်ကို လာမသတ်ခင် ကိုယ်က အရင်သွားသတ်တာ ဖြစ်ပါတယ်။ ဒါဟာ ပဓာနကျတဲ့ အနိမ့်ဆုံးသောတာဝန် ဖြစ်ပါတယ်။ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်ခြင်း၊ မဝင်ခြင်းကတော့ ကိုယ့်အဖွဲ့အနေအထားပေါ် ကြည့်ပြီး ဆက်လုပ်ရမှာပေါ့။ အခု မြေပြင်မှာ တွေ့နေရတာက တချို့အဖွဲ့တွေက တခုခုဆို ပြည်သူ့ရှေ့ကပြေးတဲ့အဖွဲ့တွေ ရှိနေပါတယ်။

လူထုဟာ ရန်သူတပ်ကို သတင်းမပေးခြင်းဖြင့်လည်း ထောက်ခံထားသလို ဆန်၊ ဆီ၊ ဆား အကုန်ထောက်ပို့ပေးထားပါတယ်။ ကျောင်းလည်း မဖွင့်ရပါဘူး။ ဆေးလည်း မကုရပါဘူး။ ပွဲတော်တွေလည်း မကျင်းပရပါဘူး။ ဥပုသ်သီလ မစောင့်ရတော့ပါဘူး။ ဒီလောက်ပေးဆပ်ပြီး အားကုန်သုံးလို့ ကူညီနေတဲ့အချိန် ရန်သူစစ်ကြောင်းဝင်တဲ့အခါ လက်နက်ကိုင်က ထိပ်ကပြေးနေရင်ဖြင့် မလိုလားအပ်တဲ့ အခင်းအကျင်းတွေ ဖြစ်လာနိုင်ပါတယ်။

လူထုဟာလည်း ရေငုံနှုတ်ပိတ်နေလို့ မရပါဘူး။ လိုအပ်လာတဲ့အခါ ထိရောက်တဲ့နေရာကိုပဲ ထောက်ပို့သင့်ပါတယ်။ ယိုပေါက်တွေများလာရင် လူထုနစ်နာပါလိမ့်မယ်။ လူထု ခြေကုန်လက်ပန်းကျတဲ့အခါ သိကြားတပ်မတော် ဝင်တိုက်လည်း မနိုင်မှာ သေချာပါတယ်။

ဒုတိယတခုက လက်နက်ကိုင်ရင်း ဖောက်ပြန်သွားတဲ့ စစ်ဘုရင်တွေပါ။ လက်နက်ကလေး ရလာတော့ ရွာထဲမှာ ဆိုင်ကယ်မောင်းတာကအစ တဗျင်းဗျင်း ဖြဲလာတော့တာပေါ့။ ကွမ်းယာဆိုင်ဝင်ပြီး အလကား ယာစားရတာနဲ့ မုန့်ဖြုတ်စားရတာနဲ့ ယိုယွင်းလာနိုင်ပါတယ်။ အဲဒီကနေအခြေခံပြီး တဆင့်တဆင့်တက်ကာ စစ်ဘုရင်တွေ ပေါ်ပေါက်လာရပါတော့တယ်။ ဒီတော့ ခေါင်းဆောင်တွေဟာ စစ်သင်တန်းမှာ တိုက်ခိုက်ရေးချည်း သင်လို့မပြီးဘဲ ညပိုင်းတွေမှာ နိုင်ငံရေးအတွေးအခေါ်နဲ့ ကျင့်ဝတ်တွေကို ရိုက်ထည့်ပေးရပါမယ်။ စစ်မှန်တဲ့ နိုင်ငံရေးအသိနဲ့ တိုက်ပွဲဝင်မှသာ မဖောက်မပြန် ရပ်တည်နိုင်မှာပါ။ တော်လှန်ရေးဟာ ဘဝပေးအသိနဲ့တင် မရတော့ပါဘူး။ နိုင်ငံရေးအသိနဲ့ တော်လှန်မှသာ မုချ အောင်ပွဲဆင်ရပါလိမ့်မယ်။

ငြိမ်းမောင်က သွေးထိုးနေတာ မဟုတ်သလို လော်ဘီလုပ်နေတာလည်း မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း စစ်ကိုင်းမြေက လက်နက်ကိုင်တပ်ထဲမှာပါပဲ။ ကိုယ်တိုင်ရော၊ ကိုယ့်ပြည်သူတွေပါ အသက်နဲ့ရင်းရတဲ့ တော်လှန်ရေးကို လွယ်လွယ်နဲ့ မပျက်စီးစေချင်လို့ မနေနိုင်ဘဲ အဆဲခံ ရေးရပါတယ်။

လူထုဟာလည်း မျက်စိကျယ်ကျယ်နဲ့ ရန်သူကို ဆန့်ကျင်ရင်း မိတ်ဆွေထဲက ရန်သူပေါက်စတွေကိုလည်း ဉာဏ်ကျယ်ကျယ်နဲ့ ဆင်ခြင်ကြဖို့လိုပါကြောင်း ရေငုံနှုတ်ပိတ် ရပ်ကြည့်နေလို့ မရကြောင်း သတိပေးပါရစေ။

စစ်မှန်တဲ့ နိုင်ငံရေးအဘိဓမ္မာ နိုင်ငံရေးသစ္စာမရှိဘဲ လက်နက်ကိုင်ရင်ဖြင့် ယခင့်ယခင်ကလို “သေနတ်ကြီးလည်း ရှိတယ်၊ သတ်နည်း သိတယ်၊ ဟေ့… တပ်ကြီးလည်း ရှိတယ်” ဆိုတဲ့ကိန်း ဆိုက်နေဦးမှာဖြင့် မြင်ယောင်နေကြောင်းပါခင်ဗျား။

သင်ဟာလည်း ပြည်သူထဲက ထောက်ပို့ဆိုရင်ဖြင့် ကိုယ် ထောက်ပို့နေတဲ့အဖွဲ့ဟာ ဘယ်လို အဖွဲ့အစည်းလဲ ဆိုတာ ထောက်ကြည့်ဖို့တော့ လိုကြောင်းပါ ခင်ဗျာ။

ငြိမ်းမောင်(ပ.တ.တ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013