DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးလှုပ်ရှားမှု ကရင်ပြည်နယ်နှင့် ဒုက္ခသည်စခန်းများတွင် ကျင်းပ
DVB
·
November 28, 2022
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးလှုပ်ရှားမှု ကရင်ပြည်နယ်နှင့် ဒုက္ခသည်စခန်းများတွင် ကျင်းပ
1 / 6
Donate to DVB

နိုင်ငံတကာအမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှုတွေကို မြန်မာအမျိုးသမီးအဖွဲ့အစည်းတွေက ဒေသအသီသီးမှာ ပြုလုပ်နေကြသလို ကရင်ပြည်နယ်နဲ့ နယ်စပ်ဒေသတွေမှာလည်း ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ဦးဆောင်ပြုလုပ်နေပါတယ်။

ကေအန်ယူနယ်မြေတွေဖြစ်တဲ့ သထုံ၊ ညောင်လေးပင်၊ ဘိတ်ထားဝယ်၊ ဖာပွန်၊ ဘားအံ အစရှိတဲ့ နေရာ ၁၄ ခုမှာအပြင်  ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဖြစ်တဲ့ မယ်လ၊ နို့ဖိုး၊ ဘန်းဒုန်ယမ်း၊ ထမ်းမဟင်၊ မယ်ရာမို၊ မယ့်လဦး ဒုက္ခသည်စခန်း ၇ ခုမှာလည်း လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိစစ်တပ်အာဏာသိမ်းထားပြီး နိုင်ငံမတည်မငြိမ်ဖြစ်နေချိန်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေသာ အခက်အခဲ ဘေးဒုက္ခတွေ အဓိကခံစားရတာဖြစ်လို့ အမျိုးသမီးနဲ့ ကလေးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေးဖို့လည်း KWO က တောင်းဆိုထားပါတယ်။ 

KWOအဖွဲ့က လုံခြုံသောအိမ်ရာနဲ့  အမျိုးသမီးများ ကာကွယ်စောင့်ရှောက်မှု စီမံကိန်းတာဝန်ခံ နော်မူးလာဖောက “ဒီနှစ်က အများအားဖြင့် ကျမတို့ရဲ့ လူထုပတ်ဝန်းကျင်မှာ တွေ့မြင်ရတဲ့ အကြမ်းဖက်မှုခံရတာကအများအားဖြင့်က အမျိုးသမီးနဲ့ လူငယ်တွေပဲ။ အမျိုးသမီးနဲ့ လူငယ်တွေကို အကြမ်းဖက်မှု လျော့နည်းသွားအောင် ဥပ‌ဒေက ကျမတို့ကို ထောက်ပံ့မှု ပေးနိုင်တယ်။ သို့ပေမဲ့ အခုလက်ရှိကာလ မြေပြင်မှာ ဖြစ်ပျက်နေတာကကျတော့ ဥပဒေတွေက အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာကွယ်ပေးမှုက လျော့နည်းနေတယ်။ အဲဒီအတွက်ကြောင့် ကျမတို့က ဥပဒေရဲ့အထက်မှာ ဘယ်သူ့မှ မရှိစေချင်ဘူး။ အဲဒီအတွက် အမျိုးသမီးနဲ့ ကလေးတွေ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်စေချင်တယ်ပေါ့နော်။”လို့ ပြောပါတယ်။

အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှုဟာ နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ ကမ္ဘာတဝန်း နိုင်ငံအသီးသီးမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လှုပ်ရှားမှုတခု ဖြစ်ပါတယ်။

ဒီကာလမှာ နယ်စပ်စခန်းတွေမှာ အမျိုးသမီးနဲ့ ကလေးတွေနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေလုပ်သလို ကရင်ပြည်နယ်ထဲက ခရိုင်တွေမှာလည်း ဆွေးနွေးပွဲလုပ်သွားဖို့ရှိတယ်လို့ နော်မူးလာဖောက ပြောပါတယ်။

“ပြိုင်ပွဲတွေလုပ်ဖြစ်တယ်။ ပန်းချီဆွဲတာ၊ စာစီစာကုံး၊ သီချင်းနဲ့ ကဗျာ အဲဒီအစီအစဉ်တွေ လုပ်ဖြစ်တယ်။ ကျမတို့ရဲ့ စခန်းနဲ့ ခရိုင်တွေမှာကျတော့ ဒီဖွင့်ပွဲပြီးသွားရင် ကျမတို့ ကွန်မြူနတီမှာ ဆွေးနွေးပွဲတွေ လုပ်ဖို့ရှိတယ်။ ဒီဆွေးနွေးပွဲကျတော့ ကျောင်းသားနဲ့ လူငယ်တွေအတွက် ဦးတည်ပြီးတော့ ကျမတို့ ဆွေးနွေးပွဲတွေလုပ်တယ်။ ပြီးတော့ ကျမတို့ရဲ့ လူထုပတ်ဝန်းကျင်မှာလည်း ကျမတို့ အမျိုးသမီးတွေအတွက် ပြီးတော့ တခြားအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးတော့လည်း ဆွေးနွေးပွဲတွေလုပ်ဖို့ အစီအစဉ်တွေ ဆွဲထားပါတယ်။”

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုအနေနဲ့ နိုဝင်ဘာ ၂၅ ရက်က   ကေအန်ယူ-သထုံမြို့နယ်မှာ  ကေအန်ယူ ဆက်ဆံရေးရုံး တပ်မဟာ (၁)က ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနဲ့ မဖွယ်မရာပြုမှု တားဆီးကာကွယ်ခြင်းဆိုင်ရာအခြေခံမူတွေ၊ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒနဲ့ လမ်းညွှန်ချက်တွေကို ပညာပေးဟောပြောခဲ့တယ်လို့ ကေအန်ယူထုတ်ပြန်ချက်အရသိရပါတယ်။

အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အနေနဲ့လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး အချိုးအကွေ့၊ အပြောင်းအလဲ၊ အကျပ်အတည်း၊ အခက်အခဲကြား ရရာအခန်းကဏ္ဍပေါင်းစုံကနေ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းတော်လှန်နေကြတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ လေးစားအသိအမှတ်ပြုမှုတို့ကို ထပ်ဟပ်ပေါ်လွင်စေတဲ့ စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲတွေကို မြန်မာ့အမျိုးသမီးသမဂ္ဂကလည်း  စီစဉ်ပြုလုပ်နေပါတယ်။

Photo-KWO/KNU

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013