
ပြီးခဲ့တဲ့နှစ်က ဖောက်သည်အချက်အလက်တွေ ပေါက်ကြားမှုနဲ့ တရားမဝင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စုဆောင်းမှုတို့အတွက် အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကြီး ကူပန်ကို ဝမ်ငွေ ၆၂၅ ဘီလီယံ (ဒေါ်လာ ၄၀၉ ဒသမ ၃၀ သန်း) ဒဏ်ရိုက်မယ်လို့ တောင်ကိုရီးယား ကိုယ်ရေးကိုယ်တာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ဇွန် ၁၁ ရက်မှာ ပြောပါတယ်။
ဒါဟာ ကုမ္ပဏီတခုအပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး ဒေတာချိုးဖောက်မှု ပြစ်ဒဏ် ဖြစ်ပါတယ်။
နယူးယောက်မှာ စာရင်းဝင်တဲ့ ကူပန်ကုမ္ပဏီဟာ ဖောက်သည် ၃၃ သန်းကျော်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားခဲ့ပြီး ဥပဒေအရ လိုအပ်တဲ့ ၇၂ နာရီအတွင်း ချိုးဖောက်မှုကို ထောက်လှမ်းတာမျိုးကိုလည်း မတွေ့ခဲ့ဘူးလို့ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေး ကော်မရှင်က ပြောပါတယ်။
ဒီမတော်တဆမှုဟာ ကူပန်မှာ ဘေးကင်းရေး အစီအမံတွေနဲ့ စနစ်တွေ မရှိလို့ဖြစ်ပြီး ရှုပ်ထွေးတဲ့ ဆိုင်ဘာဖောက်ထွင်းသူ ဟက်ကာတွေကြောင့် ဖြစ်တာ မဟုတ်ပါဘူးလို့ ကိုယ်ရေးကိုယ်တာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆောင်းဂျောင်ဟီးက ဇွန် ၁၁ ရက်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒဏ်ကြေးဟာ ၂၀၂၅ ခုနှစ်မှာရတဲ့ ကူပန်ရဲ့ ဝင်ငွေ ၄၅ ထရီလီယံဝမ်ရဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်း ရှိတယ်လို့ ရိုက်တာသတင်းဌာနက တွက်ချက် အစီရင်ခံပါတယ်။
ဒဏ်ငွေကို ကြေညာပြီးတဲ့နောက် ကူပန်က ပြည်သူလူထုနဲ့ ဖောက်သည်တွေကို စိုးရိမ်ပူပန်စေခဲ့မိလို့ တောင်းပန်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ဒေတာပေါက်ကြားတဲ့ ဖြစ်ရပ်ကနေ ဒုတိယအကြိမ် ထိခိုက်မှုကို ကာကွယ်ဖို့ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်တွေအပြင် ရှင်းလင်းတဲ့ အချက်အလက်တွေအပေါ် အခြေခံတဲ့ ရှင်းပြချက်တွေက စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လုံလောက်အောင် ထင်ဟပ်မထားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
Source: Reuters











