DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်၌ အလုပ်အကိုင်အတုဖြင့် ဖြားယောင်းခေါ်ဆောင်ခံခဲ့ရသူ အိန္ဒိယနိုင်ငံသား ၂၀၀ ကျော်ကို ကယ်တင်
DVB
·
November 25, 2022
မြန်မာနယ်စပ်၌ အလုပ်အကိုင်အတုဖြင့် ဖြားယောင်းခေါ်ဆောင်ခံခဲ့ရသူ အိန္ဒိယနိုင်ငံသား ၂၀၀ ကျော်ကို ကယ်တင်
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်မှာ အလုပ်အကိုင်တုတွေနဲ့ ဖြားယောင်းခေါ်ဆောင်ခံရတဲ့  အိန္ဒိယနိုင်ငံသား  ၂၀၀ ကျော်ကို မြန်မာနိုင်ငံကနေ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို  ကိုးကားပြီး  အိန္ဒိယအခြေစိုက် ANI News က ဖော်ပြတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘာချီက “ကျနော်တို့ လူဦးရေ ၂၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ၁၅၃ ယောက်ကို အိန္ဒိယကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးပါပြီ။ နောက်ထပ် အယောက် ၅၀ ကို ပြန်လည်ပို့ဆောင်ဖို့စီစဉ်နေပါပြီ။ တချို့က ထိုင်းမှာ ထိန်းသိမ်းခံထားရပြီး သက်ဆိုင်ရာစာရွက်စာတမ်းတွေရရှိဖို့ စောင့်နေပါတယ်။ တချို့ကလည်း ထိုင်းမှာ အဆင်သင့်စောင့်နေကြပါပြီ။ ထိုင်းက အာဏာပိုင်တွေနဲ့ ကျနော်တို့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်။” လို့  နိုဝင်ဘာလ ၂၄ ရက် အပတ်စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အလုပ်အကိုင်တုတွေနဲ့ ဖြားယောင်းခံရပြီး မြန်မာနိုင်ငံထဲမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ အမှုတွေကို ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံး၊ ဘန်ကောက်မှာရှိတဲ့ အိန္ဒိယသံရုံး၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အိန္ဒိယကောင်စစ်ဝန်ရုံးတို့ဟာ အလေးထားစုံစမ်းနေကြတယ်လို့ ပြောပါတယ်။

လာအိုနဲ့ ကမ္ဘောဒီးယားကို ခေါ်ဆောင်သွားခံရတဲ့ အိန္ဒိယနိုင်ငံသားတွေလည်းရှိပြီး အိန္ဒိယနိုင်ငံသား ၃၆၀ ကျော်ကို လာအိုကနေ အိန္ဒိယကို ပြန်လည်ပို့ဆောင်ပေးနေပြီး နောက်ထပ် ၁၁ ယောက် ထပ်ရောက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားကနေ ပြန်လည်ကယ်တင်နိုင်ခဲ့တာကတော့ အယောက် ၁၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

“မြန်မာနဲ့ ထိုင်းကို ကျနော်တို့က သတိပေး အကြံပြုချက်ပေးထားပြီး ဒီကိစ္စအပေါ် အလေးထားပေးဖို့ တောင်းဆိုထားပါတယ်။ ဒီအလုပ်အကိုင်တုနဲ့ ဖြားယောင်းတဲ့ ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အေးဂျင့်တွေရဲ့ အချက်အလက်အသေးစိတ်ကိုလည်း ကျနော်တို့ စုံစမ်းနေပါတယ်။ သူတို့က များသောအားဖြင့်တော့ ဒူဘိုင်းအခြေစိုက် အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်တွေကနေတဆင့် အလိမ်ခံရတာပဲ” လို့ အာရင်ဒမ်ဘာချီက ပြောပါတယ်။

အခုလရဲ့ အစောပိုင်းမှာလည်း ပြင်းထန်ခက်ခဲတဲ့ အလုပ်ကြမ်းတွေကို မြန်မာနိုင်ငံထဲမှာ အတင်အကျပ် ခိုင်းစေခံနေရတဲ့ အိန္ဒိယနိုင်ငံသား ၃၈ ယောက်ကို အိန္ဒိယကို ပြန်လည်ပို့ဆောင်ပေးခဲ့ရဖူးပါတယ်။

မကြားသေးမီကပဲ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗင်နေမိုဟန်ကွာထရာ ကလည်း မြန်မာနိုင်ငံက စစ်ခေါင်းဆောင်အပါအဝင် ဝန်ကြီးတချို့နဲ့ တွေ့ဆုံပြီး နိုင်ငံတကာရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှုခံနေရတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ ပြဿနာကို ဆွေးနွေးခဲ့ပါသေးတယ်။ 

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ မြဝတီနယ်မြေမှာ အိန္ဒိယနိုင်ငံသားတွေ ဖမ်းဆီးခံထားရတဲ့ အလုပ်အကိုင်တုတွေနဲ့ မျှားပြီး လူကုန်ကူးနေကြတဲ့ နိုင်ငံတကာ ဒုစရိုက်ဂိုဏ်းတွေရဲ့ ပြဿနာတွေကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ပြန်လည်သုံးသပ်ခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Ref- ANI News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013