DVB Logo
Home
Lead Story
လွယ်လွယ်နှင့် ဘဝကို အရှုံးမပေးနှင့်
DVB
·
November 25, 2022
လွယ်လွယ်နှင့် ဘဝကို အရှုံးမပေးနှင့်
Donate to DVB

သေလိုက်ကြတာ၊ သေလိုက်ကြတာ။ မြန်မာပြည်မှာ တော်တော်သေချင်နေကြသည်။ စကားလုံး တိကျအောင် ပြောရလျှင် သတ်သေချင်နေသူတွေ များလှသည်။ သတ်သေခဲ့ပြီးသူလည်း များလှပြီ။ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ကိုယ့်ကိုယ်ကို သတ်သေရန် အားထုတ်သည့်အမှု ၁၇ မှု ရှိခဲ့သည်။ ဤသည်မှာ သတင်းဌာနများတွင် ဖော်ပြထားသောသတင်းများကို စာရေးသူ လက်လှမ်းမီသမျှ စုဆောင်းထားသော ကိန်းဂဏန်းဖြစ်၏။

သတင်းဌာနများတွင်ပါရှိသည့် သတ်သေမှုများသည် အများသူငါမြင်ကွင်းဖြစ်သည့် မြစ်ကူးတံတား၊ လူကူးတံတားများပေါ်မှ ခုန်ချသတ်သေမှုများဖြစ်သည်။ သတင်းဌာနများတွင် မဖော်ပြနိုင်သည့် အများမြင်ကွင်း၌ ဖြစ်ပျက်ခြင်း မဟုတ်သော အမှုက မည်မျှရှိဦးမည် မဆိုနိုင်။ ယခုပမာဏထက် ပိုများရန်သာ ရှိ၏။

တနေ့ကလည်း စာရေးသူနှင့် ဝေးကွာနေသော ပဲခူးမြို့မှ သတင်းထောက်ဟောင်းတယောက်နှင့် အွန်လိုင်းမှတဆင့် စကားပြောဖြစ်သည်။ သူတို့မြို့၏ ဆင်ခြေဖုံးရပ်ကွက်တွင် မကြာမီက လူသေမှုတခုဖြစ်သွားသည် ဆို၏။ လက်သမားဆရာနှင့် သူ့ဇနီး စကားများ ရန်ဖြစ်ရာ တွန်းထိုးရင်း ဇနီးဖြစ်သူ လဲကျသွားရာ ကံဆိုးချင်တော့ လက်သမားသုံးပဲ့ကွက်ပေါ် ဦးခေါင်းနှင့် တည့်တည့်ကျသည်။ ဆေးရုံရောက်ပြီး သိပ်မကြာ ဆုံးရှာသည်။ ရဲကတော့ လက်သမားဆရာကို လူသတ်မှု ပုဒ်မတတ်သည်၊ ဒါမှ ငွေညှစ်ကောင်းမည်ကိုးဟု သူက မှတ်ချက်ပြုသည်။ စကားများရသည့် အကြောင်းရင်းခံကို မေးကြည့်တော့ လက်သမားဆရာ အရင်လို အလုပ်အကိုင်မကောင်း၍ ဝင်ငွေမအပ်နိုင်သည်ကို မိန်းမဖြစ်သူက ဆူပူရာမှ အချင်းများကြခြင်း ဖြစ်သည်ဟု ပြန်သိရသည်။

အရင်းစစ်လိုက်တော့ လုပ်ငန်းကိုင်ငန်း မကောင်းတော့ရာမှ ဖြစ်လာသည့် ပြဿနာများ။ ဤသို့သော အိမ်တွင်းရေးပြဿနာများ တနိုင်ငံလုံး ဖြစ်ပေါ်နေမည်မှာ အသေအချာပင်။ စစ်အာဏာသိမ်းပြီးကတည်းက မည်သည့်လုပ်ငန်းမျှ ယခင်ကလို ကောင်းမွန်စွာ မလည်ပတ်နိုင်တော့ပေ။ ကုမ္ပဏီပိုင်ရှင်မှသည် မြေကျင်းတူးလုပ်သားအထိ ရင်ဆိုင်နေရသည့် အကျပ်အတည်းများ များစွာ များစွာ။ မိမိကိုယ်ကို သတ်သေသွားကြသူများသည်လည်း မည်သည့်အကြောင်းကြောင့် သတ်သေရခြင်းဖြစ်ပါသည်ဟု သတင်းစာရှင်းလင်းပွဲ လုပ်မသွားကြ၍သာ သတင်းဌာနများက အကြောင်းရင်းခံကို မဖော်ပြနိုင်ကြသော်လည်း စစ်အာဏာသိမ်းမှုကြောင့် ပြိုလဲကျဆင်းလာသည့် လူမှုစီးပွားဒဏ်ကို တနည်းနည်းဖြင့် ခံစားခဲ့ကြရမည်မှာ မြေကြီးလက်ခတ်မလွဲ။

မိမိကိုယ်ကို သတ်‌ဖြတ်ခြင်း (Suicide) ဟူသော စကားလုံးသည် ဂျပန်စကားလုံးဖြစ်၍ ဆာမူရိုင်းများ၏ အမူအကျင့်မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ဆာမူရိုင်းများသည် တိုက်ပွဲများတွင် ရှုံးနိမ့်သွားချိန်၌ ရန်သူ၏ သတ်ဖြတ်ခြင်းကို မခံ။ ကိုယ့်ကိုယ်သာ နည်းလမ်းတခုခုဖြင့် သတ်ဖြတ်ပစ်လိုက်ကြလေ့ရှိသည်။ ဆူဆိုက်လုပ်သည်ဟု ခေါ်သည်။ မြန်မာပြည်က လူမှုစီးပွား ကျဆင်းမှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါက်လာခြင်းသည် ဆာမူရိုင်းတို့၏ ရည်ရွယ်ချက်နှင့် ဖီလာဆန့်ကျင်ပင်။ ဆာမူရိုင်းတို့သည် ရန်သူကို တိုက်သည်။ အရှုံးကို လက်မခံလို၍သာ ဆူဆိုက်လုပ်ခြင်းဖြစ်၏။ စိတ်ဓာတ်ပျော့ညံ့သူများလို ရန်သူကိုလည်း မြင်အောင်မကြည့်၊ တိုက်ဖို့လည်း မကြိုးစားဘဲ အရှုံးပေး အညံ့ခံ သတ်သေသွားခြင်းမျိုး မဟုတ်ပေ။

မြန်မာပြည်တွင် လူမှုစီးပွားဘဝများ ပျက်ယွင်းလာခြင်း၏ တရားခံအစစ်အမှန်သည် စစ်အာဏာသိမ်းခြင်းဖြစ်၏။ စစ်ခေါင်းဆောင်တစုသည်သာ တရားခံအစစ်အမှန် ဖြစ်သည်။ ၎င်းတို့သည် အပျက်တရားဆေးကို ပြည်သူလူထုအားလုံးထံ ထိုးနှံပေးနေခြင်းဖြစ်သည်။ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အိမ်တွင်းပဋိပက္ခများ ဖြစ်လာရခြင်း၏ အကြောင်းရင်းခံသည်လည်း စစ်အုပ်စုထံမှ မြစ်ဖျားခံလာသည်ကို မမေ့သင့်ပေ။ ဤကာလမျိုးတွင် မိသားစုဝင်အချင်းချင်း ပြစ်တင် ငြူစူ စောင်းမြောင်း ပြောဆိုခြင်း၊ အသေးအဖွဲ ပြဿနာများကို ပုံကြီးချဲ့ ပြောဆိုနေခြင်းများ မပြုအပ်ပေ။ တဦးနှင့်တဦး အားပေးနှစ်သိမ့် စကားများကိုသာ အပြန်အလှန် ပြောကြားသင့်ပေသည်။

အကယ်၍ သင်သည် လူမှုစီးပွား အကျပ်အတည်းများ အဆမတန် ဖိစီးလာမှုကြောင့် ဘဝကို အဆုံးသတ်လိုစိတ် ပေါ်ပေါက်လာပြီဆိုပါက မင်းသိင်္ခ၏ ပုဏ္ဏားဘကွန်း ဝတ္ထုထဲမှ ဇာတ်ကောင် ကိုရင်ကြီးပဏ္ဍိတ၏ စကားများကို ဆင်ခြင်လိုက်ပါဟု တိုက်တွန်းလိုပါသည်။ တမြို့လုံး၏ ခိုင်းဖတ် တကောင်ကြွက်၊ တမျက်နှာ မောင်ဘကွန်းလေး သတ်သေချင်စိတ်ပေါက်လာ၍ စိန်နှင့်သံပုရာ ရောမွှေသောက်ခိုင်းသည်ကို သောက်လိုက်မိသည့်နောက် ကိုရင်ကြီးပဏ္ဍိတက ပြောသည့်စကား။ “မင့်ဟာ သေဖို့တောင် ဆုံးဖြတ်ပြီး အဆိပ်ခွက်ကို သောက်ဝံ့သေးတာပဲ၊ သတ္တဝါဆိုတာ သေဖို့အလုပ်ကို မလုပ်ဝံ့ဆုံးပဲကွ၊ အဲ့ဒီအလုပ်ကို လုပ်ဝံ့တဲ့သူဟာ ကျန်တဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် မလုပ်ဝံ့တာ ဘယ်ရှိတော့မလဲကွ” ဟူသည့်စကား။ ဝတ္ထုထဲမှာ ဇာတ်ကောင်က ပြောသည့်စကားဖြစ်သော်လည်း အမှန်တရားဖြစ်၏။

ဤအမှန်စကားကို ပြန်ဆင်ခြင်ကြည့်လိုက်ပါ။ သင့်ကို အကျပ်အတည်းဖြစ်နေစေတဲ့ အကြောင်းရင်းခံနှင့် ရန်သူအစစ်အမှန်ကို တွေ့မြင်အောင် ရှာဖွေပါ။ ဘဝကို အဆုံးခံရဲနေပြီဖြစ်သော သင်သည် အကြောင်းရင်းခံများကို ဖြေရှင်းလာနိုင်မည် ဖြစ်သည့်အပြင် ရန်သူအစစ်အမှန်ကို မတုံ့ပြန်ဝံ့စရာ မည်သည့်အကြောင်းမျှ ရှိတော့မည်မဟုတ်ပေ။

စောအဲမွန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013