DVB Logo
Home
မြန်မာသတင်း
မိုးရေး-တမူးနယ်စပ် ဖြတ်သန်းခွင့်ပိတ်ထားသဖြင့် လူထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်
DVB
·
November 25, 2022
မိုးရေး-တမူးနယ်စပ် ဖြတ်သန်းခွင့်ပိတ်ထားသဖြင့် လူထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်
Donate to DVB

အိန္ဒိယနိုင်ငံ မိုးရေးနဲ့ မြန်မာနိုင်ငံ တမူးနယ်စပ်မှာ လွတ်လပ်စွာ ဖြတ်ကျော်သွားလာခွင့် အကန့်အသတ်မရှိ တားမြစ်ထားတာကြောင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနဲ့ အလုပ်အကိုင်တွေ ထိခိုက် နေပါတယ်။

အဲဒီတားမြစ်ချက်ကြောင့် ပွင့်ပွင့်လင်းလင်းလုပ်ရတဲ့ အလုပ်ရော လျှို့ဝှက်ပြီး လုပ်ရတဲ့ အလုပ်တွေကပါ သုံးနိုင်စွဲနိုင် ဝင်ငွေရရှိနေတဲ့ ဒေသခံ လူထောင်ပေါင်းများစွာအတွက် အလုပ်လက်မဲ့ ဖြစ်နေစေတယ်လို့ အိန္ဒိယအခြေစိုက် The Hindu သတင်းမှာ ရေးပါတယ်။

ကိုဗစ်-၁၉ နဲ့ အိုမီခရွန် မျိုးကွဲရောဂါပိုးတို့ ကူးစက်မှုကို စစ်ဆေးတာဆီးနိုင်ဖို့ တားမြစ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်အခြမ်းနယ်စပ်က ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အလွန်အားနည်းပြီး ရွာသားတွေဟာ မဏိပူရပြည်နယ် အစိုးရဆေးရုံနဲ့ မိုးရေးဘက်က ဆေးပေးခန်းတွေကို အားထားနေရတယ်လို့ဆိုပါတယ်။ 

မိုးရေးတောင်ပေါ်မျိုးနွယ်စုများကောင်စီဥက္ကဋ္ဌ ဗစ်တာလင်မ်ထန်းက “ကုန်သွယ်ရေးနဲ့ လွတ်လပ်စွာ သွားလာခွင့်တွေကို တားမြစ်ထားတော့ မြန်မာဘက်ကကုန်သည်တွေ နယ်စပ်ဖြတ်ကျော်ကုန်သွယ် လို့ မရတော့ဘူးပေါ့။ ၂၀၂၁ ခုနှစ် နှစ်စတည်းကစပြီး မိုးရေးမြို့နဲ့ မဏိပူရပြည်နယ်ထဲက တခြားမြို့တွေကို ကိုဗစ်-၁၉ ကူးစက်ခံရမှာကြောက်လို့ တားမြစ်ထားတာပါ။ ကုန်သွယ်ပြီး ဝင်ငွေရှာလို့ မရတော့ နယ်စပ်ကရွာသားတွေ ဒုက္ခရောက်တာပေါ့”လို့  ပြောပါတယ်။ 

အခုချိန်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ ကူးစက်မှုတွေ လျှော့ကျသွားပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာတော့ နိုင်ငံရေးပြဿနာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက်မှာ တောင်ပေါ်မျိုးနွယ်စုများကောင်စီ (HTC) က ကျင်းပတဲ့အစည်းအဝေးမှာ နယ်စပ်ရဲ့ နှစ်ဘက်မှာနေထိုင်ကြတဲ့ ဒေသခံတွေ လွပ်လပ်စွာသွားလာနိုင်ရေး ပြန်လည်ခွင့်ပြုဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အာသံရိုင်ဖယ်တပ်ဖွဲ့ ၆ နဲ့ တပ်ဖွဲ့ ၂၀ က အရာရှိတွေလည်း အဲဒီအစည်းအဝေးမှာ ပါဝင်ခဲ့ပြီး နယ်စပ်နဲ့ ၁၂ ကီလိုမီတာဝေးတဲ့ မိုးရေးကနေ ပြန်လာတဲ့ကားတွေကို အာသံရိုင်ဖယ်တပ်က စစ်ဆေးရေးဂိတ်မှာ အချိန်ကြာမြင့်စွာ စစ်ဆေးတဲ့အပေါ် တိုင်တန်းတာတွေ များစွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

မဏိပူရပြည်နယ်ထဲမှာ မြန်မာနိုင်ငံသားတွေကို ရဲတွေက ဖမ်းဆီးနေတာတွေ ရှိနေပါတယ်။ မီဇိုရမ်ပြည်နယ်ထဲမှာတော့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီတာ မရှိဘဲ မီဇိုရမ်ပြည်နယ်အစိုးရဟာ အာဏာသိမ်းပြီးနောက်ပိုင်းထဲက သူ့ ပြည်နယ်ထဲကို ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၀,၀၀၀ ကျော်ကို ဒုက္ခသည်အထောက်အထားတွေ ထုတ်ပေးဖို့ဆောင်ရွက်ကာ ကူညီစောင့်ရှောက်ထား တယ်လို့ ဆိုပါတယ်။ 

လက်ရှိထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကြောင့် ၁၉၉၅ ခုနှစ်တည်းက နယ်စပ်ကုန်သွယ်မှုကို တရားဝင်ခွင့်ပြုထားတဲ့ မိုးရေး-တမူး နယ်စပ်မှာ ကုန်သွယ်မှုတွေ မရှိတော့ပါဘူး။

နယ်စပ်ကုန်သွယ်မှု မရှိရတာရဲ့  နောက်တစ်ချက်ကတော့ အဝေးပြေးလမ်းတွေပေါ်မှာ အထိန်းအကွပ်မဲ့ ခြိမ်းခြောက်ငွေတောင်းမှုတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုအတားအဆီးတွေရှိနေတဲ့ကြားက မူးယစ်ဆေးဝါး၊ ရွှေပြားနဲ့ လက်နက်မှောင်ခိုလုပ်ငန်းတွေနဲ့ တရားဝင်ခွင့်ပြုထားခြင်း မရှိတဲ့ ကုန်ပစ္စည်းတွေကိုမှောင်ခိုသယ်ယူပို့ဆောင်တဲ့ လုပ်ငန်းတွေက တော့ လျော့နည်းရပ်တန့်သွားခြင်း မရှိဘူး လို့ဆိုပါတယ်။

အပတ်စဉ်တိုင်းလိုလို မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိနေပေမဲ့ ဖမ်းဆီးရရှိတဲ့ မူးယစ်ဆေးဝါးတွေ အားလုံးကိုတော့ မှတ်တမ်းထဲ မထည့်ကြဘူးလို့ ဆိုပါတယ်။

ဒါဟာ မူးယစ်ဆေးဝါး ဟုတ်၊ မဟုတ် စစ်ဆေးဖို့လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ မရှိတာ ကြောင့် မူးယစ်ဆေးဖြစ်ကြောင်း အတည်ပြုဖို့ အချိန်အတော်ကြာအောင် ဆောင်ရွက်နေရတာ ကြောင့် ဖြစ်တယ်လို့ The Hindu သတင်းမှာ ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013