DVB Logo
Home
မြန်မာသတင်း
ရခိုင်လူငယ် ၅၅ ရာခိုင်နှုန်းကျော် အလုပ်လက်မဲ့ဖြစ်နေ
DVB
·
June 24, 2026
ရခိုင်က လူငယ်လှုပ်ရှားမှုတခု တွေ့ရစဥ်။ (Photo: လင်းရောင်ခြည်ဖောင်ဒေးရှင်း)
ရခိုင်က လူငယ်လှုပ်ရှားမှုတခု တွေ့ရစဥ်။ (Photo: လင်းရောင်ခြည်ဖောင်ဒေးရှင်း)
Donate to DVB

စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ကြား လူငယ် ၅၅ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ ရခိုင်အခြေစိုက် လူငယ်ဦးဆောင်အဖွဲ့ (YLO) ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

လူငယ်ဦးဆောင်အဖွဲ့ (YLO) ရဲ့ ကောက်ယူထားတဲ့ စစ်တမ်းအရ ရခိုင်ဒေသခံ လူငယ် ၅၅ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့နဲ့ ရင်ဆိုင်နေကြရသလို အလုပ်ရှိတဲ့ လူငယ် ၄၀ ရာခိုင်နှုန်းဟာလည်း ဝင်ငွေ ကျပ် ၁ သိန်းအောက်မှာသာ ရှိပြီး ကျန် ၆၀ ရာခိုင်နှုန်းဟာလည်း သူတို့ရဲ့ ပညာအရည်အချင်းနဲ့ မကိုက်ညီတဲ့ အလုပ်တွေမှာသာ လုပ်ကိုင်နေကြရတယ်လို့ ပြောပါတယ်။

ရခိုင်ကလူငယ်တွေ အလုပ်လက်မဲ့ အဓိကဖြစ်နေကြတဲ့ အကြောင်းအရင်းတွေမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု ၇၀ ရာခိုင်နှုန်း ပါဝင်ပြီး လိုအပ်တဲ့ ကျွမ်းကျင်မှုမရှိတာ ၆၀ ရာခိုင်နှုန်းနဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ ငွေကြေးမရှိတာ ၄၀ ရာခိုင်နှုန်း ရှိနေကြတယ်လို့ YLO ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အခုစစ်တမ်းကို ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က လူငယ် ၅၇ ယောက်ကို လူတွေ့ မေးမြန်း စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး စစ်တမ်းကောက်ယူခဲ့သူတွေထဲမှာ အမျိုးသမီး ၆၀ ရာခိုင်နှုန်းနဲ့ အမျိုးသား ၃၅ ရာခိုင်နှုန်း ပါဝင်ကာ လိင်အမျိုးအစား မဖော်ပြလိုတဲ့သူ ၅ ရာခိုင်နှုန်း ပါဝင်တယ်လို့ ဆိုထားပါတယ်။

လက်ရှိစစ်တမ်းကို ဖြေဆိုသူတွေအထဲမှာ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသူ ၄၀ ရာခိုင်နှုန်း ပါဝင်ပြီး အဲဒီအထဲက ၆၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အလုပ်အကိုင် သို့မဟုတ် ဝင်ငွေ ထိခိုက်ခဲ့ရကြောင်း ဖြေဆိုထားကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ပြိုလဲနေဆဲဖြစ်သလို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေဟာလည်း ပုံမှန်ထက် အားနည်းသွားတာကြောင့် လူငယ်တွေ အလုပ်အကိုင်ရရှိဖို့ ခက်ခဲလာတယ်လို့ ပုဏ္ဏားကျွန်းဒေသခံ စစ်ဘေးရှောင် လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။

“ရခိုင်မှာ လူငယ်တွေ အလုပ်အကိုင် ရရှိဖို့က အတော်လေးကို ခက်ခဲတယ်။ ဘွဲ့ရလူငယ်တယောက်တောင် အလုပ်တခုရဖို့ဆိုတာ အရမ်းခက်ခဲတယ်။ အထူးသဖြင့် စစ်ရေးအခြေအနေတွေကြောင့် စီးပွားရေးလုပ်ငန်းတွေက ပုံမှန်လည်ပတ်မှုမရှိသလို နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ NGO နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဖြစ်တဲ့ CSO တို့ အရင်ထက်စာရင် အားနည်းသွားတာကြောင့် အလုပ်အကိုင်တခု ရဖို့ဆိုတာ အဆက်အသွယ်တွေကောင်းမှ ရကြတာ။ လက်ရှိ စစ်ရှောင်စခန်းတွေမှာဆိုလည်း အလုပ်လက်မဲ့လူငယ်တွေ အများကြီးပဲ။ လက်ရှိ စစ်ရေး အကျပ်အတည်းတွေကြားမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်းတီးပေးကြပါလို့ ပြောဖို့ကလည်း ခက်တယ်။”

လက်ရှိ ရခိုင်ပြည်နယ်က လူငယ်တွေဟာ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု ၅၀ ရာခိုင်နှုန်း၊ အင်္ဂလိပ်စာ တက်ကျွမ်းမှု ၄၅ ရာခိုင်နှုန်နဲ့ လုပ်ငန်းစတင်ခြင်းဆိုင်ရာ ကျွမ်းကျင်မှု ၄၀ ရာခိုင်နှုန်းတို့ကို အလိုအပ်ဆုံးဖြစ်သလို သင်တန်းတက်ရောက်ကြဖို့လည်း သင်တန်းကြေးမတတ်နိုင်တာ ၆၀ ရာခိုင်နှုန်းနဲ့ မိသားစုတာဝန်တွေ ၄၀ ရာခိုင်နှုန်းခန့်ကို ထမ်းဆောင်နေကြရတာကြောင့် အဓိက အခက်အခဲတွေ ဖြစ်နေကြတယ်လို့ စစ်တမ်းက ဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်ကတည်း စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လူဦးရေ ၇ သိန်းနီးပါးဟာလည်း နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရသလို မြို့၊ ရွာတွေဟာလည်း နေ့တိုင်းဆိုသလို လေကြောင်းအန္တရာယ်၊ လက်နက်ကြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013