
မြန်မာနိုင်ငံမှာ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတာဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပုဒ်မ ၃၃ အရ အရေးယူဆောင်ရွက်မှုတွေကြောင့် မဟုတ်ဘဲ စစ်အာဏာရှင်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ သွင်းကုန်လိုင်စင် ကန့်သတ်တာနဲ့ နိုင်ငံခြားငွေ ထိန်းချုပ်မှုတွေကြောင့်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က DVB ကို ပြောပါတယ်။
စစ်အာဏာရှင်တပ်ကို ထောက်ခံတဲ့အုပ်စုတွေနဲ့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အလုပ်ရှင်တချို့၊ အလုပ်သမားအရေးလှုပ်ရှားသူတချို့ဟာ ILO ရဲ့ ပုဒ်မ ၃၃ အရ အရေးယူ ဆောင်ရွက်မှုတွေကြောင့် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရမယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ အလုပ်သမားထု၊ ပြည်သူလူထုနဲ့ ILO အကြား အထင်အမြင်လွဲမှားအောင် ဝါဒဖြန့်နေကြတာ ဖြစ်တယ်လို့ CTUM လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက နိုဝင်ဘာ ၁၀ ရက်မှာ DVB ကို ပြောပါတယ်။
ILO အုပ်ချုပ်မှုအဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ ဒေါ်ဖြိုးစန္ဒာစိုးက “မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ ခက်ခဲနေတဲ့ အဓိကအကြောင်းရင်းတွေက အာဏာသိမ်းစစ်တပ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ သွင်းကုန်လိုင်စင်နဲ့ နိုင်ငံခြားငွေ ထိန်းချုပ်မှုတွေ၊ မတည်ငြိမ်တဲ့ စီးပွားရေးမူဝါဒတွေကြောင့် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဲဒီလို စီးပွားရေးအခက်အခဲတွေ ဖြစ်ပေါ်နေတယ်ဆိုတာဟာ အလုပ်သမားသမဂ္ဂတွေရဲ့ ပြောဆိုချက်သက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်နေတဲ့ ဥရောပစီးပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ EuroCham Myanmar ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လထုတ် စီးပွားရေးလုပ်ငန်းဆိုင်ရာ ယုံကြည်မှုစစ်တမ်းမှာလည်း ဖော်ပြထားတယ်လို့ သူက ဆိုပါတယ်။
အဲဒီစစ်တမ်းအရ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေဟာ လောင်စာဆီဈေးနှုန်းမြင့်တက်တာ၊ လုပ်ငန်းလိုင်စင်နဲ့ သွင်းကုန်ခွင့်ပြုချက်ရရှိရေး အခက်အခဲတွေ၊ ကျွမ်းကျင်လုပ်သားရှားပါးတာနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ မရေရာမှုတွေကို ဆက်လက်ရင်ဆိုင်နေရပါတယ်။
အထူးသဖြင့် ကုန်ကျစရိတ်မြင့်တက်လာတာနဲ့ သွင်းကုန်လိုင်စင်ရရှိရေး အခက်အခဲတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအပေါ်မှာပါ သက်ရောက်မှုရှိနေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အလားတူ ဗြိတိန်အခြေစိုက် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Unilever ကလည်း မြန်မာနိုင်ငံမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ Unilever EAC Myanmar ကုမ္ပဏီရဲ့ ရှယ်ယာအားလုံးကို ပြည်တွင်းမိတ်ဖက်ကုမ္ပဏီ EAC ရဲ့ လက်အောက်ခံ Centig Holding Company Limited ထံ ရောင်းချပြီး ၂၀၂၇ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။
အဲဒီအရောင်းအဝယ်ဟာ သက်ဆိုင်ရာဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်တွေအပေါ် မူတည်ပြီး အကူးအပြောင်းကာလအတွင်း လုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက်လည်ပတ်သွားမယ်လို့ ကုမ္ပဏီဘက်က ပြောထားပါတယ်။
Unilever ဟာ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ပြည်တွင်းကုမ္ပဏီ EAC နဲ့ ဖက်စပ်လုပ်ငန်း ထူထောင်ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေထဲမှာ Sunsilk၊ Lifebuoy နဲ့ Signal စတဲ့ လူသုံးကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။
Unilever မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ကုန်ကြမ်းတင်သွင်းဖို့ သွင်းကုန်လိုင်စင်ရရှိရေး အခက်အခဲတွေ ပါဝင်နိုင်တယ်လို့ ရန်ကုန်အခြေစိုက် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းရှင်တယောက်ကလည်း သုံးသပ်ပြောဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်ကို DVB က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
တဖက်မှာလည်း ILO ပုဒ်မ ၃၃ အရ အရေးယူဆောင်ရွက်မှုတွေရဲ့ ရည်ရွယ်ချက်ဟာ မြန်မာအလုပ်သမားတွေကို အလုပ်လက်မဲ့ဖြစ်စေဖို့ မဟုတ်ဘဲ အဓမ္မလုပ်အားခိုင်းစေမှုနဲ့ လွတ်လပ်စွာ သမဂ္ဂဖွဲ့စည်းခွင့် ချိုးဖောက်မှုတွေကို အဆုံးသတ်စေပြီး အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက DVB ကို ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားအရေးကိစ္စကို ILO အုပ်ချုပ်မှုအဖွဲ့မှာ နိုဝင်ဘာ ၁၇ ရက်နေ့ ဆွေးနွေးဖို့ရှိပြီး ILO ညွှန်ကြားရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာလည်း မြန်မာ့အရေးကို ထည့်သွင်းတင်ပြထားတယ်လို့ ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။











