DVB Logo
Home
မြန်မာသတင်း
Yangon Fukuyama Apparel အထည်ချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရ
DVB
·
November 24, 2022
Yangon Fukuyama Apparel အထည်ချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Yangon Fukuyama Apparel အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

အဆိုပါစက်ရုံမှာ စက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားက မြန်မာဝန်ထမ်းတယောက်ကို  ၃ လတာ ကာလအတွင်းမှာ နာမကျန်းခွင့် ၃ ရက် ယူတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်ဖြုတ်ခံလိုက်ရတဲ့ မြန်မာဝန်ထမ်းဟာ လုပ်ငန်းခွင်ကာလမှာ ကျန်းမာရေးမကောင်းလို့  ၁ လကို ခွင့် ၁ ရက် ယူခဲ့ပြီး ၃ လတာကာလအတွင်းမှာ ခွင့် ၃ ရက် ယူခဲ့တဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားဘက်က  သတိပေးလက်မှတ်ထိုးပေးခဲ့ရပြီးနောက် အလုပ်ရှင်က မြန်မာအလုပ်သမားကို အလုပ်ကနေ ထုတ်ပစ်လိုက်ပါတယ်။

ဒါဟာ ဥပဒေအရ အကျုံးမဝင်တာကြောင့် လုပ်ငန်းရှင်ဘက်က ပြန်လည်ဖြေရှင်းပေးရမယ်လို့ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “ဒီဝန်ထမ်းက အလုပ်သင်လည်း မဟုတ်ဘူး။ အစမ်းခန့်လည်း မဟုတ်ဘူး။ အမြဲတမ်းဝန်ထမ်းပေါ့။ လစာအနေနဲ့ ၂ သိန်း ၂ သောင်း ရတယ်။ ဒါပေမဲ့ သူက ခွင့်ပေါ့။ ခွင့်က အလုပ်သမားတွေအနေနဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့်တို့ ရရန်ရှိတာတွေကို လုပ်ငန်းရှင်က မပေးဘူး။ ပြီးတော့ သူက ကျန်းမာရေးကြောင့် တလကို တရက်ပဲ ခွင့်ယူခဲ့တာ။ အဲ့ဒါ သုံးလမှာ သုံးရက် ယူလို့ ဆိုပြီး အလုပ်ရှင်က warning ထိုးခိုင်းတယ်။ ဒီနေရာမှာ warning ဆိုတာက ကြီးလေးတဲ့ ပြစ်မှုကို ထိုးတဲ့ warning နဲ့ သာမန်ကိစ္စကို ထိုးတဲ့ warning ဆိုပြီး ရှိတယ်။ သာမန်ကိစ္စကို ထိုးတဲ့ warning မှာ warning သုံးကြိမ် ပြည့်ပြီးသွားမှ warning ကြီး တခါ ယူရတာနော်။ ဆိုတော့ ဒီကိစ္စက warning ထိုးရလောက်တဲ့ ကိစ္စ မဟုတ်ဘူး။ အလုပ်ရှင်က အလုပ်သမားတွေ ရပိုင်ခွင့် ရှိတဲ့ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။

ကိုရီးယားနိုင်ငံသားပိုင် အဆိုပါအထည်ချုပ်စက်ရုံဟာ အလုပ်ရှင်နဲ့အလုပ်သမားအကြားချုပ်ဆိုတဲ့ စာချုပ်ကို အလုပ်သမားထံ မပေးပဲ အလုပ်ရှင်ကသာ သိမ်းဆည်းထားတဲ့အပြင် အလုပ်သမားဥပဒေ မှာဖော်ပြပါရှိတဲ့ ခွင့်နဲ့ဆိုင်ရာ ခံစားခွင့် တွေကို မျက်ကွယ်ပြု ချိုးဖောက်နေတယ်လို့လည်း ဆိုပါတယ်။

အလုပ်သမားအရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေပညာရှင်တဦးက “အလုပ်သမားဥပဒေအရ ခွင့်က ရှောင်တခင် ခွင့် ၆ ရက် ရှိတယ်။ လုပ်သက်ခွင့် ၁၀ ရက် ရှိတယ်နော်။ တကယ်လို့များ ဒီခွင့် ရက်တွေ ကုန်ဆုံးသွား တယ်ထားဦး။ အလုပ်သမားက ခွင့် တိုင်တယ်ဆိုရင်တောင် ဒါက ခွင့်မဲ့ မဟုတ်ဘူးနော်။ ဒါက အလုပ်သမားတွေရဲ့ အခြေခံ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေး ဖြစ်တာကြောင့် ဒီခံစားခွင့်တွေက ပေးကို ပေးရမှာ ဖြစ်တယ်။ နောက်တချက်က အလုပ်သမားတွေဆီမှာ ဘာကြောင့် EC စာချုပ် မရှိရတာလဲ။ လုပ်ငန်းရှင်က အလုပ်သမား လက်ထဲကို EC စာချုပ် ပေးရမယ်ဆိုတာ မသိတာလား။ ဒါမှမဟုတ် ဘာကြောင့်မပေးတာလဲ ဆိုတာ မေးစရာရှိတယ်။ တချို့လည်း သိသိကြီးနဲ့ မပေးတာမျိုး ရှိတယ်နော်။ ထားပါတော့။ အခုတော့ ဒီကိစ္စကို အလုပ်သမားရေးရာညွှန်ကြားမှုဦးစီးဌာနဆီ လှမ်းမေးထားတယ်။ ဒါပေမဲ့ အခုအချိန်ထိ တစုံတရာ ဘာတခုမျှ ပြန်ပြောလာတာ မရှိသေးဘူး” လို့ ပြောပါတယ်။

ကိုရီးယားနိုင်ငံသားပိုင် အဆိုပါအထည်ချုပ်စက်ရုံဟာ အလုပ်သမားဝန်ထမ်းပေါင်း ၅၀၀ နီးပါး လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အခုလို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး Yangon Fukuyama Apparel အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို မျက်ကွယ်ပြုထားပြီး နည်းလမ်းပေါင်းစုံနဲ့ ခေါင်းပုံဖြတ်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013