DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် INGO/ NGO များကို ခရီးသွားလာခွင့်ကန့်သတ်ထားသည့် မြို့နယ် ၈ ခု ရှိလာ
DVB
·
November 23, 2022
ရခိုင်တွင် INGO/ NGO များကို ခရီးသွားလာခွင့်ကန့်သတ်ထားသည့် မြို့နယ် ၈ ခု ရှိလာ
Donate to DVB

ရခိုင်ပြည်နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက NGO/ INGO ဝန်ထမ်းတွေကို ခရီးသွားလာခွင့်ပိတ်ပင်ကန့်သတ်လိုက်တဲ့ မြို့နယ် ၈ မြို့နယ်အထိ ရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တို့ကြား တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ် ၆ မြို့နယ်ကို စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီးတော့ စက်တင်ဘာ ၁၆ ရက်က စတင်ကာ အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာဖြစ်ပြီးတော့ ခုနောက်တိုးမြို့နယ် ၂ ခုအနေနဲ့ ပေါက်တောနဲ့ ကျောက်တော်မြို့နယ်တွေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ပေါက်တောမြို့နယ်ကို လူသားချင်းစာနာမှုအကူအညီပေးဖို့အတွက် သွားလာဝင်ရောက်ခွင့်တွေမရတော့တဲ့အပြင် ကျောက်တော်မြို့နယ်ကိုလည်း မြို့ပေါ်မှာသာ ဝင်ရောက်ခွင့်ရပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြားနဲ့‌ တောင်ကုတ်အပါအဝင် မြို့နယ်အများအပြားမှာလည်း ရှာဖွေဖမ်းဆီးတာတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ လုံခြုံရေးတင်းကျပ်မှုတွေ၊ သွားလာဝင်ရောက်ခွင့် ကန့်သတ်ချက်တွေနဲ့ အကူအညီပေးရေးလုပ်သားတွေအပေါ် ခြိမ်းခြောက်မှုတွေဟာ မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်အဟန့်အတားပြုနေတယ်လို့လည်း UNOCHA က ပြောပါတယ်။ 

နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ  ၁ ဒသမ ၄ သန်းကျော် ရှိလာပြီး ဒီအထဲကမှ လူဦးရေ ၁ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာတော့ တကျော့ပြန် စစ်ရေးပဋိပက္ခကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကစပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁၆,၀၀၀ ကျော်ရှိလာပြီး အရင်ကတည်းက ရှိနေသူတွေနဲ့ပါဆိုရင် နေရပ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၉၀,၀၀၀ ကျော်အထိရှိလာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013