DVB Logo
Home
မြန်မာသတင်း
အလွတ်တန်းသတင်းထောက် မသူဇာကို ထောင်ဒဏ် ၂ နှစ်ချမှတ်၊ မီဒီယာသမားများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရန် RSF တောင်းဆို 
DVB
·
November 23, 2022
အလွတ်တန်းသတင်းထောက် မသူဇာကို ထောင်ဒဏ် ၂ နှစ်ချမှတ်၊ မီဒီယာသမားများအပေါ်  အကြမ်းဖက်မှု ရပ်တန့်ရန် RSF တောင်းဆို 
Donate to DVB

မြန်မာအလွတ်တန်းသတင်းထောက် မသူဇာကို နိုဝင်ဘာ ၂၂ ရက်မှာ စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီးနောက် မီဒီယာသမားတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ ရပ်တန့်သွားအောင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာကို  ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်အခြေစိုက် အလွတ်တန်းသတင်းထောက် မသူဇာဟာ  စစ်တပ်မုန်းတီးရေး ရေးသားဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ပုဒ်မ ၅၀၅ (က) နဲ့  အင်းစိန်ထောင်တွင်း တရားရုံးမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့တည်းက ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အလှလေးသူဇာ ခေါ်  မသူဇာဟာ အမိန့်မချမီ ထောင်တွင်းမှာ ၁၅ လကြာလောက် ဖမ်းဆီးခံထားခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်အခြေစိုက် RSFအဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသတာဝန်ခံ ဒန်နီယယ်ဘတ်စတာ့ဒ်က“မသူဇာကို မတရားဖမ်းဆီးပြီး စိတ်ကူးတည့်ရာ ပုဒ်မတွေနဲ့ အမိန့်ချလိုက်တဲ့ လုပ်ရပ်ဟာ မီဒီယာသမားတွေအပေါ်မှာ မြန်မာစစ်ကောင်ရဲ့ အကြမ်းဖက်မှုတွေကို သာမန်ဖြစ်ရပ်တစ်ခုလို လုပ်ပြလိုက်တဲ့ နောက်ထပ်သာဓကတစ်ခုပါပဲ။ သတင်းထောက်တွေကို သူတို့အပိုင်လိုသ ဘောထားပြီး လုပ်ချင်တိုင်း လုပ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို နောက်ထပ်ဒီလိုမလုပ်နိုင်အောင် ပိုပြီးပြင်းထန်တဲ့ ပိတ်ဆို့ဖိအားပေးမှုတွေဆောင်ရွက်သွားဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ကို ကျနော်တို့ဆက်သွယ်ပြီး တောင်းဆိုခဲ့ပါတယ်” လို့ ပြောပါတယ်။ 

နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနဲ့ မြန်မာနိုင်ငံသား သတင်းထောက် ၅ ဦးလည်း ပါဝင်ခဲ့ပါတယ်။

တိုရူကူဘူတာကိုတော့ ပြန်လွှတ်ပြီးပြီးချင်း ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာသတင်းထောက် ၅ ဦးအပေါ် သူတို့ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကိုအပြီးတိုင် ပြန်လည်ရုပ်သိမ်းလိုက်တာမျိုး မဟုတ်တာကြောင့် စစ်ခေါင်းဆောင်တွေ စိတ်ကူးပေါက်သလို အလွယ်တကူပြန်လည် အဖမ်းခံရနိုင်ခြေလည်းရှိတယ်လို့ RSF ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

ဆက်လက်ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၆၁ ဦးရှိနေတာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ သတင်းထောက်တွေရဲ့အရေအတွက်ဟာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာဖြစ်တယ်လို့ ဆိုပါတယ်။

မီဒီယာသမားတွေကိုဖမ်းဆီးမှုမှတ်တမ်းမှာ တရုတ်နိုင်ငံဟာ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံဟာ ဒုတိယမြောက်ဖြစ်တယ်လို့ RSF က ပြောပါတယ်။ 

RSF ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းစာရင်းထဲက နိုင်ငံ ၁၈၀ မှာ မြန်မာနိုင်ငံဟာ  သတင်းလွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံအဆင့် ၁၇၆ မှာ ရှိနေပါတယ်။

Photo-RSF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013