
အင်ဒိုနီးရှားနည်းပညာကုမ္ပဏီကြီး Gojek ရဲ့ ပူးတွဲတည်ထောင်သူ၊ ပညာရေးဝန်ကြီးဟောင်း နာဒင်းမ်မာကာရင်ကို အကျင့်ပျက်ခြစားမှုနဲ့ ပြစ်မှုထင်ရှားတယ်ဆိုပြီး ဇွန် ၃၀ ရက်မှာ ဂျကာတာမြို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၄၁ နှစ်ရှိ မာကာရင် ကတော့ သူ ဘာပြစ်မှုမှ မကျူးလွန်ထားကြောင်းနဲ့ ဒီအမှုဟာ နိုင်ငံရေး ပယောဂကြောင့် တရားစွဲခံရတာဖြစ်ကြောင်း ငြင်းဆိုထားပြီး ပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း သူ့ဘက်ကနေ ထောက်ခံ ရပ်တည်ပေးနေကြပါတယ်။
တရားရုံးအပြင်ဘက်မှာတော့ Gojek ရဲ့ အမှတ်အသားဖြစ်တဲ့ အစိမ်းရောင် ဂျာကင်အင်္ကျီတွေ ဝတ်ဆင်ထားတဲ့ Gojek ဆိုင်ကယ်ကယ်ရီသမား အများအပြားဟာ "သူ့ကို လွှတ်ပေးပါ... တခြား ရွေးချယ်စရာမရှိဘူး" လို့ ရေးသားထားတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး စုဝေး ဆန္ဒပြခဲ့ကြ ပါတယ်။
ဒီစီရင်ချက်ကြောင့် အင်ဒိုနီးရှားအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ပိုထိခိုက်နိုင်ပြီး ရူပီးငွေနဲ့ စတော့ရှယ်ယာတွေလည်း ကျဆင်းနေပါတယ်။
ဒီနှစ်ထဲမှာ မရေရာတဲ့ မူဝါဒတွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ခရက်ဒစ် အဆင့် သတ်မှတ်တဲ့ အေဂျင်စီတွေက နိုင်ငံရဲ့ စီးပွားရေးအလားအလာကို လျှော့ချခဲ့ပြီးနောက် ရူပီး ငွေကြေးနဲ့ စတော့ရှယ်ယာတွေ ကျဆင်းနေခဲ့သလို စျေးကွက်ပွင့်လင်းမြင်သာမှု အားနည်းချက်တွေ ကြောင့် အရှေ့တောင်အာရှရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကို အဆင့်လျှော့ချဖို့ အထိ index provider ဖြစ်တဲ့ MSCI က စဉ်းစားနေတာပါ။
သမ္မတဟောင်း ဂျိုကိုဝီဒိုဒို အစိုးရလက်ထက် (၂၀၁၉ ကနေ ၂၀၂၄ အထိ) ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ မာကာရင်ဟာ အင်ဒိုနီးရှားကျောင်းတွေအတွက် Google Chromebook လက်ပ်တော့တွေ ဝယ်ယူတဲ့ အစိုးရစီမံကိန်းကနေ ကိုယ်ကျိုးရှာခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာ ဒေါ်လာ ၁၂၅ သန်း ဆုံးရှုံးစေခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။
တရားသူကြီးချုပ် ပူဝမ်တို အဗ္ဗဒူလာက မာကာရင်ဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးအောင် လုပ်ခဲ့တယ်ဆိုတာ သက်သေထင်ရှားလို့ အပြစ်ရှိကြောင်း ဆုံးဖြတ် ခဲ့ပေမဲ့ သူ့ကိုယ်ကျိုးစီးပွားအတွက် တိုက်ရိုက်ကြွယ်ဝအောင် လုပ်ဆောင်ခဲ့တယ်ဆိုတာတော့ မတွေ့ ရှိဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ တရားရုံးက သူ့ကို ဒဏ်ငွေ ရူပီး ၁ ဘီလီယံ ပေးဆောင်ဖို့နဲ့ ဒီအရောင်းအဝယ်ကနေ သူကိုယ်တိုင် ရရှိခဲ့တယ်လို့ ယူဆရတဲ့ ရူပီး ၈၀၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၅ သန်းခန့်) ကို နိုင်ငံတော်ဆီ ပြန်လည်ပေးအပ်ဖို့ အမိန့်ချခဲ့ပါတယ်။
Source: Reuters











