DVB Logo
Home
မြန်မာသတင်း
ရက်ပေါင်း ၆၅၀ အကျဉ်းကျခံခဲ့ရသည့် ပါမောက္ခရှောင်တာနယ် မြန်မာစစ်တပ်ကို စီးပွားရေးပိတ်ဆို့ရန်ပြော
DVB
·
November 22, 2022
ရက်ပေါင်း ၆၅၀ အကျဉ်းကျခံခဲ့ရသည့်  ပါမောက္ခရှောင်တာနယ် မြန်မာစစ်တပ်ကို စီးပွားရေးပိတ်ဆို့ရန်ပြော
Donate to DVB

ဩစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်တပ်အပါအဝင် သူ့နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဘဏ်လုပ်ငန်းရှင်တွေကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်သင့်တယ်လို့ မြန်မာအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်က ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က စတင်ကာ ရက်ပေါင်း ၆၅၀ ကြာအကျဉ်းကျခံနေရတဲ့ ကာလအတွင်း ခြေကျင်းစွပ်စစ်မေးခံခဲ့ရပုံတွေ၊ အကျဉ်းအခန်းတွေရဲ့ ညစ်ပတ်စုတ်ပြတ်မနှစ်မြို့စရာကောင်းပုံတွေ၊ နှိပ်စက်ခံရလို့ အော်ဟစ်နေကြတဲ့အသံတွေကြားရတဲ့  အတွေ့အကြုံတွေကို The Australian သတင်းစာနဲ့ အင်တာဗျူးမှာ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကိုလိုနီခေတ်တည်းက တည်ဆောက်ထားတဲ့ အင်းစိန်ထောင်မှာ အရင်နေခဲ့ရပြီးနောက်မှာ နေပြည်တော်က အချုပ်ထောင်ကို မစ္စတာရှောင်တာနယ် ရွှေ့ပြောင်းခံခဲ့ရပါတယ်။

အင်းစိန်ထောင်ထဲမှာတုန်းက ၈ ပေ၊ ပေ ၂၀ အကျယ်ရှိတဲ့ အခန်းမှာနေခဲ့ရပြီး ထိုင်ခုံခြေထောက်မှာ ခြေကျင်းပါတဲ့ သံထိုင်ခုံတစ်ခုကို အခန်းရဲ့အလယ်မှာ မူလီနဲ့စွဲထားတာရှိတယ်လို့ သူကပြောပါတယ်။

အစပိုင်းစစ်ကြောရေးမှာ သူ့ကို ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI6 အတွက်အလုပ် လုပ်ပေးနေသူ၊ လက်နက်မှောင်ခိုတင်သွင်းသူလို့  စွပ်စွဲကာ နှစ်လကြာ စစ်မေးခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ တခါတလေသူ့ကို  သူ့ကို အိပ်ယာထဲကနေဆွဲခေါ်ပြီး ထိုင်ခုံမှာခြေကျင်းခတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို ဆောင့်တွန်းတာတွေ ဆောင့်ဆွဲတာတွေရှိပေမယ့် ရိုက်နှက်တာမျိုးတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရစဉ် အစောပိုင်းကာလတွေမှာ ပြည်သူတွေရဲ့ ဆန္ဒပြသံပုံးတီသံတွေကိုလည်း ကြားခဲ့ရကြောင်း မစ္စတာ ရှောင်တာနယ်ကပြောပါတယ်။ 

“နောက်တော့ ပေါက်ကွဲသံတွေ၊ သေနတ်ပစ်သံတွေနဲ့ နှိပ်စက်ခံရတဲ့အသံတွေကြားရတယ်။ ငါကိုတော့ သူတို့ အဲဒီလိုတွေ မလုပ်လောက်ပါဘူးလို့ တွေးမိပေမယ့် ခဏနေတော့ လုပ်ရင်လည်း လုပ်မှာပဲလို့ တွေးမိပြန်တယ်။  ဒါတွေ ငါ ကြားအောင် တမင်လုပ်နေတာဖြစ်နိုင်တာပဲ လို့လည်းတွေးမိပြန်တယ်” လို့ ဆိုပါတယ်။

ရှောင်တာနယ်က “ကျနော့်ကို လျှပ်စစ်နဲ့ တို့တာမျိုးတော့ မရှိပေမယ့် ညစ်ပတ်စုတ်ပြတ်နေတဲ့ အခန်းထဲမှာ ထည့်ထားတယ်။ အစာကိုလည်း ပုံးနဲ့ပဲလာပေးတော့ ရက် ၆၅၀ လုံး ကျနော်လည်း ပုံးနဲ့ပဲစားရတယ်။ နေပြည်တော်မှာဆိုရင်  ဆေးပြန်သုတ်ထားတဲ့ ပုံးအဟောင်းတွေနဲ့ စားစရာထည့်ပေးတာ” လို့ သူကပြောပါတယ်။

အမိုးတွေကလည်း မလုံပဲ မိုးရွာရင် ရေတွေယိုနေပြီး တချို့ညတွေဆို တညလုံးထိုင်နေရကြောင်း အဝတ်တွေ စောင်တွေနဲ့ ခြောက်အောင်ပြန်သုတ်ရကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။

အကျဉ်းကျနေစဉ်ကာလအတွင်းမှာ မစ္စတာရှောင်တာနယ်ဟာ ကိုဗစ်ရောဂါ ၅ ကြိမ်ကူးစက်ခံခဲ့ရပြီး သီးသန့်အကျဉ်းထောင်မှာ စာအုပ်မရှိ၊ အိပ်ယာမရှိနဲ့ လပေါင်းအတော်ကြာနေခဲ့ရတယ်လို့ ဆိုပါတယ်။ 

နိုင်ငံရေးအကျဉ်းသား မစ္စတာရှောင်တာနယ်အတွက် ဆစ်ဒနီမြို့မှာ နေထိုင်တဲ့ သူ့ရဲ့ ဇနီးဖြစ်သူက စာအုပ်တွေနဲ့၊ သူကိုယ်တိုင်လုပ်ထားတဲ့ ကွတ်ကီးတွေနဲ့ သစ်သီးကိတ်တွေကို  ရန်ကုန်ရှိ ဩစတြေးလျသံရုံးဆီကို ပို့ပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ မိတ်ဆွေတဦးက အပတ်စဉ် ထောင်ဝင်စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ 

မစ္စတာရှောင်တာနယ်က သူ့မှာအပြစ်မရှိကြောင်း ငြင်းဆန်ခဲ့ပေမဲ့  မြန်မာတရားရုံးက သူ့ကို  မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေနဲ့ စက်တင်ဘာလမှာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပါတယ်။ 

ရုံးထုတ်စစ်ဆေးခြင်းမပြုမီ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စွပ်စွဲဖမ်းဆီးခံရသူ အမှုတွဲ အစိုးရအဖွဲ့ဝင်တွေနဲ့ အချိန်အနည်းငယ်တွေ့ဆုံခွင့်ရခဲ့ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိနေကြောင်း၊ ရိုဟင်ဂျာလူနည်းစုတွေအပေါ်မှာ အကြမ်းဖက်နှိပ်ကွပ်မှုတွေကို ရပ်တန့်နိုင်မယ့် အစီအစဉ်တွေ ဒေါ်အောင်ဆန်းစုကြည်မှာရှိနေကြောင်း မစ္စတာရှောင်တာနယ်က ပြောပါတယ်။

မစ္စတာရှောင်တာနယ်ကို ပြန်မလွှတ်ပေးမီ စစ်ကောင်စီနဲ့ လပေါင်းများစွာ လျှို့ဝှက်ညှိနှိုင်းမှုတွေရှိခဲ့သလို ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကလည်း ဖိအားတွေပေးခဲ့တယ်လို့ ရိုက်တာသတင်းကပြောပါတယ်။ 

မြန်မာပြည်သူလူထုရဲ့ အိပ်မက်တွေပျက်စီးခဲ့ရပြီဖြစ်ကြောင်းနဲ့ စစ်တပ်အရာရှိတွေ၊ ဘဏ်လုပ်ငန်းရှင်တွေကို စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ဖို့ ထောက်ခံကြောင်း ပြောခဲ့ပေမယ့် ဘယ်ဘဏ်တွေဆိုတာကိုတော့ နာမည်တပ်မပြောခဲ့ကြောင်း ရိုက်တာသတင်းက ရေးသားထားပါတယ်။ 

Ref- Reuters

Photo: Australian Department of Foreign Affairs

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013