DVB Logo
Home
မြန်မာသတင်း
နယ်စပ်ပို့ကုန် ၆ မျိုး၏ ပို့ကုန်ဝင်ငွေများကို ယွမ်ငွေ၊ ဘတ်ငွေတို့ဖြင့်ပါ ပေးသွင်းခွင့်ပြု
DVB
·
November 22, 2022
နယ်စပ်ပို့ကုန် ၆ မျိုး၏ ပို့ကုန်ဝင်ငွေများကို ယွမ်ငွေ၊ ဘတ်ငွေတို့ဖြင့်ပါ ပေးသွင်းခွင့်ပြု
Donate to DVB

ပြည်ပကို နယ်စပ်ကနေတင်ပို့တဲ့ ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ)၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း)၊ ပြောင်း၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ပို့ကုန်ရငွေတွေကို အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့နဲ့ပါ ပေးသွင်းခွင့်ပြုသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။

အရင်ဒေါ်လာမူဝါဒအတိုင်း ယွမ်ငွေ၊ ဘတ်ငွေနဲ့ရရှိတဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ဈေးနဲ့ တရက်အတွင်း ရောင်းချပေးရမှာဖြစ်ပြီး ကျန်ရှိတဲ့ ၃၅ ရာခိုင်နှုန်းကို ပို့ကုန်တင်ပို့သူက မိမိကိုယ်တိုင်သုံးစွဲတာ၊ လွှဲပြောင်းရောင်းချတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီမူဝါဒအပြောင်းအလဲနဲ့ ပတ်သက်ပြီး မြဝတီအခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တဦးက “ဒေါ်လာရှာရတဲ့ အလုပ်တခုတော့ လျော့သွားတာပေါ့။ ဒါပေမဲ့ ကျန်တဲ့ငွေကြေးမူဝါဒနဲ့ ပတ်သက်လို့တော့ ဘာမှမပြောင်းလဲဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့တာဝန်ယူပြီးနောက်ပိုင်း ငွေကြေးမူဝါဒနဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကို မကြာခဏ ပြောင်းလဲချမှတ်တာတွေ လုပ်ဆောင်ခဲ့ပြီးတော့ ကုန်သွယ်ရေးကဏ္ဍအပါ်မှာလည်း ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်လာပါတယ်။

ငွေကြေးမူဝါဒ၊ ကုန်သွယ်မှု မူဝါဒတွေ မတည်ငြိမ်တာက စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်စေခဲ့တယ်လို့ ကုန်သည်တွေက ထောက်ပြကြပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ဒေါ်လာနဲ့ပဲသွားသွား၊ ဘယ်ငွေကြေးနဲ့သွားသွား၊ ငွေကြေးမူဝါဒ ခိုင်မာဖို့လိုတယ်။ မူဝါဒမခိုင်မာတဲ့အခါ ငွေကြေးတန်ဖိုးတွေရော တခြား ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးမတည်ငြိမ်တာတွေ ဖြစ်လာတယ်။ နောက်တခုက ကုန်သွယ်ရေးမူဝါဒ။ ပေါ်လစီတခု ချက်ချင်းပြောင်းလိုက်တာနဲ့ ပို့ကုန်၊ သွင်းကုန်သမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အနည်းနဲ့အများ အခက်အခဲဖြစ်တယ်။ ပြင်ဆင်ချိန်မရတဲ့အခါ တချို့ဆိုရင် ဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်တယ်” လို့ ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုကို ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ခွင့်ပြုထားပြီး၊ သွင်းကုန်အတွက် ငွေပေးချေမှုကို ပို့ကုန်ရငွေ၊ ပြည်ပရောက် နိုင်ငံသားတွေရဲ့ လုပ်ခ၊ လစာလွှဲပို့ငွေတွေ အပါအဝင် တခြားရငွေတွေကိုသာ အသုံးပြုရမယ်လို့ ကန့်သတ်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ သူတို့တာဝန်ယူစဉ်ကာလအတွင်း ပို့ကုန်၊ သွင်းကုန် လိုင်စင်တွေနဲ့ ကုန်သွယ်ရေး ငွေပေးချေမှုတွေအပေါ် ကန့်သတ်ထိန်းချုပ်တာ၊ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်း အပေါ်မှာလည်း ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013