DVB Logo
Home
Lead Story
မတရားဖမ်းဆီးခံရသူများ ပြန်လွတ်လာခြင်းနှင့်ပတ်သက်၍ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
November 22, 2022
မတရားဖမ်းဆီးခံရသူများ ပြန်လွတ်လာခြင်းနှင့်ပတ်သက်၍ (သူ့အတွေး သူ့အမြင် – Op-Ed)
Donate to DVB

မတရားဖမ်းဆီးခံရသူ အနည်းငယ် ပြန်လွတ်လာခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် အမျိုးသားအောင်ပွဲ ၁၀၂ နှစ်မြောက်နေ့မှာ စစ်အုပ်စုက အကျဥ်းသား ၅,၇၇၄ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပြန်လွတ်တဲ့သူ‌တွေထဲမှာ နိုင်ငံရေးကြောင့် မတရားဖမ်းဆီး အကျဥ်းကျခံရသူ အနည်းငယ်ပဲ ပါဝင်ပြီး ကျန်အများစုကတော့ ထုံးစံအတိုင်း ခိုးဆိုးလုနှိုက်၊ မူးယစ်မှု၊ ဓားပြမှု စတဲ့ ရာဇဝတ်အကျဥ်းသားတွေက အများစု ပါဝင်ပါတယ်။

တကယ်တော့ နိုင်ငံရေးအကျဥ်းကျခံရသူတွေဟာ အစကတည်းက အပြစ်မရှိသူတွေပါ။ အာဏာသိမ်းစစ်အုပ်စုရဲ့ မတရားသဖြင့် လုပ်ရပ်တွေကြောင့်သာ မတရားဖမ်းဆီးခံရသူတွေ ဖြစ်ပါတယ်။‌

နောက်ပြီး ကိုယ့်ဥပဒေကိုယ်တောင် (၂၀၀၈ ခြေဥ) မလိုက်နာတဲ့ စစ်အုပ်စုဟာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ဆိုတာကြီးကလည်း အတော်ပဲ နားကြားပြင်းကတ်စရာ၊ မသတီစရာကောင်းလှပါတယ်။ ဘာလို့ဆို သူတို့ဟာ သူတို့ဥပဒေအရကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိတဲ့သူတွေ မဟုတ်လို့ပါပဲ။

ဓာတ်ပြားဟောင်းကြီး

အခုလို ပြန်လွတ်လာသူတွေအနက် ထင်ရှားသူတချို့ဖြစ်တဲ့ ကိုမြအေး၊ မောင်သာချို၊ ဒေါက်တာမျိုးညွန့်၊ ဦးကျော်တင့်ဆွေတို့အပြင် မစ္စတာရှောင်တာနယ် အပါအဝင် ဗြိတိန်သံအမတ်ဟောင်းတို့ ပြန်လွတ်လာတဲ့အပေါ်မှာ အမျိုးမျိုးဝေဖန်မှုတွေ ရှိကြပါတယ်။ သေချာတာကတော့ စစ်အုပ်စုဟာ အာဆီယံကြောင့်ရော၊ နိုင်ငံတကာရဲ့ဖိအားကြောင့် အခုလို လုပ်လိုက်ရတာဖြစ်သလို ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေရဲ့ ထိရောက်တဲ့ ထိုးနှက်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၃ သြဂုတ်လမှာ ပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကြောင့်လည်း ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပက မထောက်ခံတဲ့အပြင် တရားဝင်မှုလည်း မရသေးတဲ့ စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးကာ တရားဝင်မှုကိုရဖို့ အသည်းအသန် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းနဲ့ ပြည်ပကို အခုလို အနည်းငယ်သော နိုင်ငံရေးအကျဥ်းသားတချို့ကို လွှတ်ပေးပြီး လှည့်ဖြားဖို့ ကြိုးပမ်းနေတာပါ။ တကယ်တော့ ဒီနည်းတွေ၊ အကွက်တွေဟာ အခုမှဖြစ်လာတာမဟုတ်။ ယခင်ကတည်းက န.ဝတ၊ န.အ.ဖ လက်ထက်ကတည်းက ကျင့်သုံးလာခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းက ဆန့်ကျင်တော်လှန်မှုတွေကို အရက်စက်ဆုံး နှိပ်ကွပ်လိုက်၊ နိုင်ငံတကာက ဖိအားပေးလိုက်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ ခေါင်းဆောင်တချို့ကို ပြန်လွှတ်လိုက်၊ နိုင်ငံတကာကို လှည့်ဖြားလိုက်၊ ပြန်ဖမ်းလိုက် စတဲ့ မာယာပရိယာယ်နည်းတွေနဲ့ စစ်အာဏာသက်ဆိုးရှည်အောင် ဆွဲဆန့်ခဲ့ကြပါတယ်။ ဒါကြောင့် အခု နိုင်ငံရေးအကျဥ်းကျသူတချို့ ပြန်လွှတ်ပေးတဲ့ကိစ္စဟာလည်း ယခင်က ဓာတ်ပြားဟောင်းကြီး တခုသာသာပဲ ဖြစ်ပါတယ်။

ပြန်လွတ်လာသူတချို့ လွတ်လပ်ပါစေဦး

အမျိုးသားနေ့က ပြန်လွတ်လာသူတွေဟာ ပြင်ပကမ္ဘာနဲ့၊ သူတို့အသိုက်အမြုံနဲ့ ပြန်ထိတွေ့ခွင့်ရတာဟာ တပတ်တောင် မရှိ‌သေးပါဘူး။ အကြမ်းဖက်စစ်ကောင်စီရဲ့ ငရဲခန်းက လွတ်လာတာဖြစ်လို့ သူတို့ကိုယ်စီမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာတွေက အနည်းနဲ့အများ ရလာခဲ့ကြပါတယ်။ ဒါတွေကို သူတို့ခဏတာဖြစ်ဖြစ် ကုစားချင်ကြမှာပါ။ ပြီးမှ သူတို့ဆက်လုပ်စရာရှိတာ ဆက်လုပ်ကြမှာပါ။

တချို့က ဒါကို နားမလည်ဘဲ လွတ်လာတာ သုံးရက်မြောက်တဲ့နေ့မှာတင် အကျဥ်းသားထဲက ထင်ရှားသူတချို့ကို အင်တာဗျူးကြပါတယ်။ ဖြေဆိုသူတွေကို ဘေးအန္တရာယ် ဖြစ်စေတာမျိုးတွေ မေးမိနေပါတယ်။ သာဓကပြရရင် သတင်းမီဒီယာကြီးတခုက ကိုမြအေးကို အင်တာဗျူးတာပဲ ဖြစ်ပါတယ်။ အဲဒီအင်တာဗျူးမှာ ကိုဂျင်မီတို့ ကြိုးပေးခံရတာနဲ့ပတ်သက်ပြီး ကိုမြအေးကို သက်သေတယောက်လို မေးပါတယ်။ ကွပ်မျက်ခံရချိန်မှာ ကိုမြအေး ဘယ်မှာရှိနေသလဲ၊ ဘာတွေ ကြုံခဲ့ရသလဲ၊ ဘယ်လို သိသလဲ၊ လက်ရှိနိုင်ငံရေး အခြေအနေ၊ စကစ ရွေးကောက်ပွဲအပေါ်အမြင် စတာတွေကို အသေးစိတ်ကျကျ မေးမြန်းသွားပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း ဒီကိစ္စတွေဟာ အင်မတန် ထိလွယ်၊ ရှလွယ် ကိစ္စရပ်တွေဖြစ်သလို အခန့်မသင့်ရင် ဒီအမေးတွေကြောင့်ပဲ ဖြေဆိုသူတွေမှာ တပတ်တောင် မကြာလိုက်ဘဲ စစ်အုပ်စုရဲ့ ငရဲခန်းကို ပြန်ရောက်သွားစေနိုင်ပါတယ်။ စစ်အုပ်စုဟာ မထင်ရင်မထင်သလို ပြန်ဖမ်းနိုင်တာမှန်ပေမဲ့ အခုလို ကိုယ့်ဘက်က အရင်စကျွံသွားတာကတော့ မဖြစ်သင့်ရိုးအမှန်ပါ။ ဒါကြောင့် သတင်းမီဒီယာအချို့အနေနဲ့ ပြန်လွတ်လာသူ ဖြေဆိုသူတွေရဲ့ လုံခြုံရေး၊ မေးသင့် မမေးသင့် ဆိုတာ‌တွေကို အခုလိုအ‌ခြေအနေ အချိန်အခါမျိုးမှာ ထည့်သွင်းစဥ်းစားကြစေလိုပါတယ်။

ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြဖို့

မည်သို့ဆိုစေ စစ်အုပ်စုရဲ့ နိုင်ငံရေးအကျဥ်းသားတွေအပေါ် ပြန်လွှတ်ပေးတယ်ဆိုတာ နိုင်ငံရေးကစားကွက်တခုသာ ဖြစ်ကြောင်း အားလုံးသိကြပါတယ်။ ရန်သူဟာ သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် မှန်းထားတဲ့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျင်းပပြီး စစ်အာဏာသက် သက်ဆိုးရှည်ဖို့ ကြိုးစားလိုက်တာဖြစ်ပါတယ်။ ပြည်သူတွေဘက်ကလည်း စစ်အုပ်စုရဲ့ ခေတ်အဆက်ဆက် ယုတ်မာကောက်ကျစ်တဲ့ နည်းပရိယာယ်တွေအပေါ် တစက်ကလေးမှ တွေဝေတိမ်းမူးခြင်းမရှိဘဲ ပြည်သူ့အာဏာ ပြန်လည်ထူထောင်နိုင်ဖို့ ကိုယ်လုပ်စရာရှိတာ ဆက်လက်လုပ်ကြဖို့ အထူးလိုအပ်ပါပေတယ်။

တင်ဦး (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013