DVB Logo
Home
မြန်မာသတင်း
တီဘီနှင့် ART ဆေးများကို ပြင်ပဆေးဆိုင်များတွင် မရောင်းရန် AA ကျန်းမာရေးဌာန သတိပေး
DVB
·
May 19, 2026
Photo: AA
Photo: AA
Donate to DVB

အာရက္ခပြည်သူ့ကျန်းမာရေးဌာနကနေ အခမဲ့ပေးဝေနေတဲ့ တီဘီဆေးနဲ့ HIV/AIDS ကုသရေးဆိုင်ရာ ART ဆေးတွေကို ပုဂ္ဂလိက ဆေးဆိုင်တွေမှာ ရောင်းချတာတွေ မပြုလုပ်ကြဖို့ ကျန်းမာရေးဌာနက တိုက်တွန်း သတိပေးနေတယ်လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တီဘီနဲ့ HIV/AIDS ရောဂါတွေမှာ ကာလကြာရှည် စနစ်တကျ ကုသရတဲ့ ရောဂါတွေ ဖြစ်တာကြောင့် ဆေးဝါးသုံးစွဲရာမှာလည်း ဆရာဝန်တွေရဲ့ လမ်းညွှန်မှုအတိုင်းသာ ဆေးဝါးလိုက်နာ သုံးစွဲရတာ ဖြစ်တဲ့အတွက် ပြင်ပဆေးဆိုင်တွေက အလွယ်တကူဝယ်ယူပြီး စနစ်မကျစွာ သုံးစွဲမှုမရှိစေဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာန လက်အောက်ရှိ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာန FDA က AA ထိန်းချုပ်မြို့နယ်တွေမှာ လိုက်လံသတိပေးနေတယ်လို့ ဆိုပါတယ်။

တီဘီဆေးတွေနဲ့ ART ဆေးတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ ထောက်ပံ့ပေးနေသလို အဲဒီဆေးဝါးတွေဟာ ဆရာဝန်ရဲ့ ထောက်ခံချက်တွေရှိမှသာ ဆေးရုံ၊ ဆေးခန်းတွေက ထုတ်ပေးရတဲ့ဆေးမျိုး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ထမ်း အမျိုးသားတယောက်က ပြောပါတယ်။

“တီဘီဆေးတို့၊ ART ဆေးတို့ဆိုတာ ပြင်ပဆေးဆိုင်တွေမှာ တင်ရောင်းရတဲ့ ဆေးမျိုးမဟုတ်ဘူး။ တကယ့်ရောဂါဖြစ်ပွားနေသူတွေကို ဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာဝန်တွေရဲ့ ထောက်ခံချက်တွေနဲ့မှ ထုတ်ပေးရတဲ့ ဆေးတွေဖြစ်တယ်။ ဒီဆေးတွေကို အပြင်က ဆေးဆိုင်တွေမှာ စီးပွားဖြစ် ရောင်းချတာတွေက လိုအပ်နေသူလက်ထဲကို ရောက်ရှိနိုင်ဖို့ နည်းပါးသလို စနစ်တကျ ကုသဖို့လည်း ခက်ခဲမှုတွေရှိတယ်။”

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင် အပါဝင် ရခိုင်ပြည်နယ်က မြို့နယ်အများအပြားရှိ ဆေးဆိုင်တွေမှာ တီဘီဆေးနဲ့ ART ဆေးတွေကို ပြင်ပဆေးဆိုင်တွေမှာ လုံးဝရောင်းချခြင်းမပြုဖို့ တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ဆေးဝါးပြတ်လပ်မှုတွေကြောင့် တီဘီရောဂါနဲ့ HIV/AIDS ဖြစ်ပွားနေသူတချို့ သေဆုံးမှုတွေ ရှိခဲ့ကြပြီး ၂၀၂၅ ခုနှစ် အစောပိုင်းကတည်း AA ရဲ့ ကျန်းမာရေးဌာနက အဲဒီဆေးဝါးတွေကို အခမဲ့ထုတ်ပေးနေတာလည်း ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက တီဘီဆေးတွေကို မြို့နယ်အဆင့် ဆေးရုံတွေမှာ အခမဲ့ ထုတ်ပေးနေတာကြောင့် ဆေးဝါးပြတ်တောက်မှု မရှိတော့ဘူးလို့ မြောက်ဦးမြို့နယ်နေ တီဘီလူနာတယောက်က ပြောပါတယ်။

“တိုက်ပွဲတွေ စဖြစ်တုန်းက ဆေးပြတ်ပြီး သေသွားတဲ့လူတွေ ရှိတယ်။ ကျနော်တို့လည်း အတော်လေးကို ရုန်းကန်လိုက်ရတာ။ လောလောဆယ် သက်သာနိုင်ဖို့ပဲ အပြင်ဆေးဆိုင်တွေက ဖြစ်သလို သောက်ခဲ့ရတာရှိတယ်။ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်း ဆေးရုံတွေက အခမဲ့ ထုတ်ပေးလာတာကြောင့် ရောဂါအခြေအနေက အတော်လေးကို တိုးတက်လာပြီ။”

အာရက္ခပြည်သူ့ကျန်းမာရေးဌာနဟာ တော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ကြားကနေ ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဆက်တိုက်ပြုလုပ်ပေးနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013