DVB Logo
Home
မြန်မာသတင်း
တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျမှု စစ်ကောင်စီ မျက်ကွယ်ပြုနေဟု သုတေသီများ ထောက်ပြ
DVB
·
November 22, 2022
တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျမှု စစ်ကောင်စီ မျက်ကွယ်ပြုနေဟု သုတေသီများ ထောက်ပြ
Donate to DVB

ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်က ပြည်ပချေးငွေတွေနဲ့ တိုင်းပြည်စီးပွားရေးကို တိုးတက်အောင် တည်ဆောက်နိုင်ခဲ့ပေမဲ့ လက်ရှိ အာဏာသိမ်းစစ်ကောင်စီကတော့ ဒီအသီးအပွင့်တွေကို ဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

နေပြည်တော်မှာ နိုဝင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီလက်အောက်ခံ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီလက်ထက်မှာ ပြည်ပချေးငွေမယူဘဲ  ပြီးခဲ့တဲ့အစိုးရ လက်ထက်တွေမှာ ယူခဲ့တဲ့ ပြည်ပကြွေးမြီတွေကို အာဏာသိမ်းစစ်ကောင်စီက အရင်းနဲ့အတိုး ပြန်လည်ပေးဆပ်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

သူက ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၇ ဒသမ ၉၁ ဘီလီယံ ရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်မှာတော့ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၃ ဘီလီယံ ရှိပါတယ်။ အလားတူ NLD အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်မှာတော့ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၈ ဘီလီယံ ရှိတယ်လို့ ပြစ်တင်ပြောဆိုခဲ့တာပါ။

ဒါကြောင့် အရင်အစိုးရနှစ်ဆက်လက်ထက်မှာ ယူခဲ့တဲ့ ပြည်ပကြွေးမြီတွေကို အာဏာသိမ်းစစ်ကောင်စီက မိမိတို့လက်ထက်မှာ တာဝန်သိစွာနဲ့ အရင်းနဲ့အတိုး ပြန်လည်ပေးဆပ်နိုင်ဖို့ နိုင်ငံတော်ဝင်ငွေထဲမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၉၅ ဘီလီယံ ပြန်လည်ပေးဆပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အခုလို ပြစ်တင်ပြောဆိုထားပေမဲ့ သူ့ကြောင့် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျသွားတာကိုတော့ မျက်ကွယ်ပြုထားတယ်လို့ သုတေသီတွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

စီးပွားရေးပညာရှင် သုတေသီတဦးက “ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့လို့ နိုင်ငံတကာမျက်နှာစာမှာ ပုံရိပ်ကောင်းတွေ ပြန်ရခဲ့တယ်။ ဒါကြောင့်ပဲ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး အကူအညီတွေ ရခဲ့တယ်။ ဒီ့နောက် ဒီမိုကရေစီအရပ်သားအစိုးရ NLD တက်လာတော့ အရှိန်ပိုရလာတယ်နော်။ ပြီးတော့ အရင်က မမှန်ကန်တဲ့ အဖွဲ့အစည်းတွေ ပေါ်လစီ မူဝါဒတွေကို မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင် တွန်းတင်နိုင်ခဲ့တယ်။ ဆိုတော့ ဒါတွေက တိုင်းပြည်စီးပွားရေး တိုးတက်အောင် လမ်းကြောင်းမှန်ပေါ်ရောက်လာတဲ့ အသီးအပွင့်တွေပါ။ ဒီအသီးအပွင့်တွေကို ဘယ်သူဖျက်ဆီးလိုက်တာလဲဆိုတာ ပြန်ကြည့်ပါလို့ပဲ ကျနော် ပြောချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံတကာက စီးပွားရေးဆိုင်ရာ ချေးငွေတွေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ချေးငွေတွေကို အရင်အစိုးရအဆက်ဆက်က ရယူဆောင်ရွက်နိုင်ခဲ့ပေမဲ့ မိမိတို့လက်ထက်မှာတော့ ပြည်ပချေးငွေနဲ့ ထောက်ပံ့ငွေတွေ ရယူခဲ့ခြင်းမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အခုလို ပြောဆိုမှုအပေါ် စီးပွားရေးလေ့လာသုံးသပ်သူ သုတေသီတဦးက “ကျနော်တို့ အမြဲပြောနေတာက စီးပွာရေးနဲ့ နိုင်ငံရေးဟာ အမြဲ ဒွန်တွဲနေတာနော်။ နိုင်ငံရေးမှာ ပုံရိပ်ကောင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကောင်းမယ်။ ဒီတော့မှ နိုင်ငံတကာက အကူအညီ ODA Loan တွေရမယ်။ ပြီးတာ့ နည်းပညာအကူအညီတွေရမယ်။ တခါ ကမ္ဘာ့နိုင်ငံတွေနဲ့ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းတွေ ကောင်းလာမယ်။ ဒါမှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေက တိုးတက်လာမှာလေ။ ကိုယ်က နိုင်ငံရေးပုံရိပ် မကောင်းဘဲနဲ့ ကိုယ်တယောက်တည်းက လုပ်မယ်ဆိုရင် ကိုယ့်ဆီမှာ လုံလောက်တဲ့ ငွေကြေးအင်အား၊ နည်းပညာအင်အား ဒါတွေ ရှိလားဆိုတာ ပြန်သုံးသပ်ကြည့်ပါ။ ဒီတော့ မြန်မာနိုင်ငံအနေနဲ့ အခုအချိန်မှာ အဓိက လုပ်သင့်တာက ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကောင်းအောင် နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်နိုင်အောင် ဒါတွေ ဦးစားပေးလုပ်သင့်တယ်။ ဒါတွေကောင်းသွားတော့မှ လိုအပ်တဲ့ စီးပွားရေးကို တည်ဆောက်ရမှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ NLD အစိုးရလက်ထက်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာ့စီးပွားရေးဟာ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ရှိခဲ့တဲ့ တိုင်းပြည်ရဲ့စီးပွားရေး GDP ဟာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ ကိုဗစ်ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်မှာ ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

အဆိုပါ ကပ်ရောဂါအရှိန်ကြောင့် တိုင်းပြည်ရဲ့စီးပွားရေး GDP ဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ပြန်လည် နာလန်ထူနိုင်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်း တွက်ချက်ထားပါတယ်။ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးက တိုင်းပြည်ရဲ့ စီးပွားရေး GDP ဟာ အနုတ်လက္ခဏာ အောက်အထိ ကျဆင်းသွားခဲ့ပြီး ကမ္ဘာ့ဘဏ်က ခန့်မှန်းမတွက်ချက်နိုင်တော့လောက်အောင် ဆိုးရွားသွားခဲ့ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည်စီးပွားရေး တိုးတက်လာတဲ့အကြောင်း သူ့ရဲ့ မိန့်ခွန်းတွေမှာ မကြာခဏထုတ်ဖော်ပြောကြားနေပါတယ်။

Photo-MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013