
မြန်မာပြည်တွင်း မြို့တချို့မှာ ဘာသာရေးအဖွဲ့အစည်းတွေအတွက်ထုတ်ပေးတဲ့ RLG နံပါတ်တပ် ယာဥ်တွေကို သံဃာကိုယ်တိုင် မောင်းတာခွင့်မပြုတော့ဘဲ တားမြစ်ထားတယ်လို့ စစ်အာဏာရှင် အုပ်ချုပ်ရေးပိုင်းကနေ သိရပါတယ်။
Religious License Plate(RLG)ယာဥ်တွေကို ကားပေါ်သံဃာမပါဘဲ လူပုဂ္ဂိုလ်တွေမောင်းတာ၊ သံဃာတွေနဲ့ သီလရှင်ကိုယ်တိုင်မောင်းတာကို ပြင်ဦးလွင်မြို့မှာ စက်တင်ဘာလက စတင် တားမြစ် ခဲ့ပြီး အခုနောက်ပိုင်း တခြားမြို့တွေမှာလည်း စစ်ဆေး တားဆီးတာတွေရှိလာတာ လို့ဆိုပါတယ်။
ဘားအံမြို့က အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတယောက်က “သီးခြားညွှန်ကြားချက်တော့ မဟုတ်ဘူး။ ဒေသန္တရအမိန့်နဲ့လုပ်တာ။ အမြင်လည်း မသင့်တော်ဘူးလေ” လို့ ပြောပါတယ်။
ဘားအံအပါအဝင် ကရင်ပြည်နယ်တကြောနဲ့ မွန်ပြည်နယ်ကစစ်ဆေးရေးဂိတ်တချို့မှာ သံဃာကိုယ်တိုင်ကားမောင်းတာကို တားမြစ်လာတာရှိတယ်လို့ အဲဒီလမ်းပိုင်းကို ပုံမှန်သွားလာ အသုံးပြုနေသူတွေဆီက သိရပါတယ်။
မကြာခင်ရက်ပိုင်းကလည်း ပခုက္ကူမြို့က ဧရာဝတီတံတားစစ်ဆေးရေးဂိတ်မှာ သံဃာတွေ ကိုယ်တိုင်မောင်းတဲ့ RLG ကားတွေ၊ RLG နံပါတ်ပြားတပ်ထားတဲ့ လိုင်စင်မဲ့ကားတွေကို ဝင်ထွက် သွားလာခွင့်မပြုကြောင်း တားမြစ်ခဲ့တာရှိပါတယ်။
မှောင်ခိုလောကသားတယောက်က “ဘုန်းကြီးကားနဲ့ ပရဟိတအသင်းအဖွဲ့ကားတွေက လိုင်စင်မဲ့တွေ များတယ်။ တချို့သင်္ကန်းဝတ်နဲ့ RLG နံပါတ်တပ်ပြီး Without မောင်းသွင်းတာတောင်ရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က သံဃာတွေစီးတဲ့လိုင်စင်မဲ့ကားတွေကို နယ်ကျော်ခွင့်မရှိဘဲ တည်ရှိမြို့နယ်ထဲမှာ မောင်းနှင်အသုံးပြုဖို့ သက်ဆိုင်တဲ့ မြို့နယ်သံဃနာယကအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ လက်မှတ် ထုတ်ပေးထားတာရှိတယ်လို့မှတ်တမ်းတွေအရ သိရပါတယ်။
ဒေသတချို့မှာ သံဃာတွေကားမောင်းတာ၊ လိုင်စင်မဲ့ကားသွင်းပြီး အကျိုးစီးပွားရှာတာကို ဒေသ တချို့မှာ တားမြစ်လာပေမဲ့ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာတော့ ဒီလုပ်ရပ်တွေ ဆက်မြင် နေရဆဲ ဖြစ်သလို RLG ယာဥ်တချို့ရဲ့ရမ်းကားတဲ့မောင်းနှင်မှုတွေကြောင့် ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။











