
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သာသနာရေးဌာနက ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ပထမအကြိမ် ဗုဒ္ဓဓမ္မပရိယတ္တိစာမေးပွဲမှာ သံဃာတော် ၁၀၅ ပါး အောင်မြင်တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဗုဒ္ဓဓမ္မပရိယတ္တိစာမေးပွဲရလဒ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ သာသနာရေးဌာနက ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဖြေဆိုသူ သံဃာတော် အပါး ၁၈၀ ထဲက ၁၀၅ ပါး အောင်မြင်ခဲ့တာပါ။
မင်းပြားဒေသခံ သာသနာရေးဌာနနဲ့ နီးစပ်သူက “၁၈၀ မှာ ၁၀၅ ပါး အောင်တယ်။ အောင်ချက်မဆိုးဘူးလို့ ပြောလို့ရတယ်။ အောင်တဲ့သံဃာတော်တွေလည်း ဝမ်းသာနေကြတယ်။ ဒါက ရခိုင်မှာ အာရက္ခအစိုးရက ပထမအကြိမ်ကျင်းပတဲ့ စာမေးပွဲဖြစ်တယ်။ နောက်နှစ်တွေလည်း ရခိုင်မှာ ဆက်လုပ်သွားဖို့ရှိတယ်" လို့ ပြောပါတယ်။
ရခိုင်မှာ ခေတ်အဆက်ဆက်အစိုးရ လက်ထက်ကလည်း ဗုဒ္ဓဓမ္မပရိယတ္တိစာမေးပွဲကို မြို့နယ်အလိုက် ကျင်းပခဲ့ပြီး တိုက်ပွဲတွေကြောင့် ရပ်နားထားခဲ့ရကာ အခုလို အာရက္ခအစိုးရ လက်ထက်မှာ ဖြေကြားခွင့်ရခဲ့တဲ့အပေါ် ဝမ်းသာမိကြောင်း စာမေးပွဲဖြေဆိုခဲ့သူ မင်းပြားဒေသခံ သံဃာတော်တပါးက မိန့်ပါတယ်။
"တိုက်ပွဲတွေကြားမှာ ထွက်မပြေးဘဲ ကိုယ့်ဒေသမှာပဲ ကိုယ့်ရပ်ရွာမှာပဲ စစ်ရှောင်ရင်း နေခဲ့ရတဲ့ အတွက် ဒီလို ဗုဒ္ဓဓမ္မပရိယတ္တိစာမေးပွဲကို မဖြေရတော့မှာ စိုးရိမ်မိခဲ့တယ်။ အခုလို အာရက္ခအစိုးရက ဖြေဖို့လုပ်ပေးတယ်ဆိုတော့ တကယ်ကို ကျေးဇူးလည်းတင်ပါတယ်။”
စာမေးပွဲအောင်မြင်ပြီး ထူးချွန်တဲ့ သံဃာတော်တွေကိုတော့ အောင်လက်မှတ်တွေနဲ့ လှူဒါန်းဖွယ်ပစ္စည်းတွေကို ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြီး ဆက်ကပ်လှူဒါန်းသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဒီစာမေးပွဲကို ဇွန် ၂၄ ရက်မှ ၂၉ ရက်အထိ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူနဲ့ တောင်ကုတ်ခရိုင်တွေမှာ စာဖြေဌာန ၄ ခုဖွင့်ပြီး ကျင်းပခဲ့တာပါ။
စာမေးပွဲမှာ မူလတန်း၊ အငယ်တန်း၊ အလတ်တန်းနဲ့ အကြီးတန်းအဆင့်တွေမှာ သံဃာတော် အပါး ၁၈၀ ဝင်ရောက်ဖြေဆိုခဲ့ပြီး အဲဒီထဲက ၁၀၅ ပါး အောင်မြင်ခဲ့တာကြောင့် အောင်ချက်က ၅၈ ဒသမ ၃၃ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
ခရိုင်အလိုက်ဆိုရင် မြောက်ဦးခရိုင်က ၄၈ ပါး၊ မင်းပြားခရိုင်က ၁၇ ပါး၊ ကျောက်ဖြူခရိုင်က အပါး ၂၀ နဲ့ တောင်ကုတ်ခရိုင်က အပါး ၂၀ အောင်မြင်ခဲ့ပါတယ်။
ဒါပေမဲ့ ဓမ္မာစရိယတန်းမှာတော့ သံဃာတော် ၆ ပါး ဝင်ရောက်ဖြေဆိုခဲ့ပေမဲ့ အောင်မြင်သူ မရှိခဲ့ပါဘူး။ အထူးအောင်ပုဂ္ဂိုလ်တွေ အနေနဲ့ မူလတန်းမှာ ၃ ပါး၊ အငယ်တန်းမှာ ၃ ပါး၊ အလတ်တန်းမှာ ၁ ပါးနဲ့ အကြီးတန်းမှာ ၂ ပါး ပါဝင်ခဲ့ပါတယ်။










