DVB Logo
Home
Lead Story
စစ်ကောင်စီဘွဲ့နဲ့ရိုက်တဲ့ သပ်
DVB
·
November 20, 2022
စစ်ကောင်စီဘွဲ့နဲ့ရိုက်တဲ့ သပ်
Donate to DVB

နိုင်ငံတကာဖိအား တပတ်ပြန်လည်လာချိန်နှင့် အာဆီယံက NUG ကို မျက်စပစ်လိုက်ချိန်တွင် စစ်ကောင်စီက အမျိုးသားနေ့ကို အရင်းပြု၍ နိုင်ငံရေးလှည့်စားမှု ပြုလိုက်သည်။ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပါဝင်သော အကျဉ်းသား ၅၇၇၄ ဦးကို ထောင်အသီးသီးမှ ပြန်လွှတ်ပေးလိုက်သည်။

စစ်ကောင်စီက ပြန်လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားလက်တဆုပ်စာထဲမှ အချို့မှာ ပြစ်ဒဏ်ကျခံရက် ပြည့်လုနီးသူများသာ ဖြစ်၏။ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခဲ့သော  ရွှေညဝါဆရာတော်၊ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမြအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦးနဲ့ ဦးကျော်ဟိုးတို့သည် ထောင်နှစ်နှစ်ချခံခဲ့သူများဖြစ်ပြီး ယခုရက်ပိုင်းအတွင်းမှာ လွတ်ရက်စေ့သူများဖြစ်သည်။ ဤသို့သောသူများကိုလည်း အရင်းပြုကာ စစ်ကောင်စီသည် သူ၏ မဟာကရုဏာတော် ကြီးမားကြောင်း နိုင်ငံတကာကို မရှက်မရွံ့ ပြသ ပဏ္ဏာယူ၏။

နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်သဘောထား မည်သို့ရှိမည်ကို မသိရသေးသော်လည်း စစ်အာဏာရှင်တို့၏ သဘောကို နောကျေနေသည့် မြန်မာနိုင်ငံရေးသမားများက "ထူး၍ ကျေးဇူးတင်ရန် အလျဉ်းမရှိ" ဟု ဆိုကြသည်။ ဂျုံတခင်းလုံး ရိတ်သိမ်း ယူပြီးမှ ပေါင်မုန့်တချပ်လာပေးသည်ကို ကျေးဇူးတင်ရန်မလိုဟုလည်း ပမာပြုကြသည်။ မှန်ပါသည်။ စစ်ကောင်စီက ပြန်လွှတ်ပေးသူ ခြောက်ထောင်ခန့်တွင် နိုင်ငံရေးအကျဉ်းသားက ရာဂဏန်းမျှသာ ပါ၏။

မြန်မာနိုင်ငံ၏ ပထမကျောင်းသားသပိတ် စတင်သောနေ့ ဂုဏ်ပြုသတ်မှတ်ခဲ့သော အမျိုးသားနေ့ကို အရင်းပြု၍ စစ်ကောင်စီ နိုင်ငံရေးကစားကွက်ခင်းသည်မှာ အကျဉ်းသားများ ပြန်လွှတ်ပေးခြင်း သက်သက်သာ မဟုတ်ပေ။ တဖက်တွင် နိုင်ငံတော်အဆင့် ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်သည့် အမည်စာရင်းကိုလည်း ကြေညာသည်။ ၎င်းတို့၏ စစ်ကောင်စီအဖွဲ့ဝင် ၄၁ ဦးစလုံးကို စည်သူဘွဲ့ ပေးခဲ့ပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကိုလည်း ဘွဲ့အသီးသီး ပေးအပ်ခဲ့သည်။ စစ်ကောင်စီသည် ဤမျှနှင့် အတောမသတ်။ နဝတ ၊ နအဖ ခေတ်က ဗိုလ်ချုပ်ဟောင်းများနှင့် ၎င်းတို့ စစ်တပ်ကို ဩဇာခံခဲ့သူများကိုလည်း ဘွဲ့များပေးအပ်သည်။ ပြည်သူတို့က ဘုံးပေါလအောဘွဲ့များဟု သမုတ်ကြ၏။

အကယ်စင်စစ်မူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘွဲ့များနှင့် စည်းရုံးရေးဆင်းခြင်း ဖြစ်၏။ အချင်းချင်း ဘွဲ့များဖြင့် တုပ်နှောင်ပစ်လိုက်သည်။ ၎င်းတို့အချင်းချင်း တုပ်နှောင်ရုံမျှဖြင့် အားမရ။ ၎င်းတို့ အာဏာလုယူခဲ့သည့် NLD အစိုးရလက်ထက်မှ ဝန်ကြီးအချို့ကိုလည်း သီရိပျံချီဘွဲ့များ ပေးပြန်သည်။ NLD အစိုးရအဖွဲ့ဝင်များသာ မဟုတ်။ ၎င်းတို့နှင့် ပုလဲပုနံမသင့်ဟု အများက ယူဆထားသော နိုင်ကျဉ်းဟောင်း ဦးအောင်လွင်နှင့် ဒေါ်ဆွေဇင်ထိုက်ကဲ့သို့သော အနုပညာရှင်တချို့ကိုလည်း လူမှုထူးချွန်ဆုများ ပေးပြန်သည်။ 

ထို့ကြောင့် စစ်ကောင်စီသည် တလွဲတချော် လုပ်ပြန်ပြီဟု ပြည်သူများက ဝေဖန်ကြသည်။ ဝေဖန်သူများက ကျိုက်ထီးရိုးဘုရားပစ်ခတ်မှု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်ကောင်စီက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်စဉ်က ကွယ်လွန်ပြီးသော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကိုပါ ထည့်သွင်း ပြစ်တင် ဖော်ပြခဲ့ခြင်းနှင့် ပမာပြု ဝေဖန်ကြသည်။ ယခု ဘွဲ့ပေးသည့်ကိစ္စမှာမူ ထိုကဲ့သို့ မှားယွင်းဖော်ပြမိခြင်း မဖြစ်နိုင်ပေ။ သက်သက်မဲ့ သပ်လျှိုသွေးခွဲလို၍ ပေးခြင်းသာ ဖြစ်မည်ဟု မှန်းဆရသည်။ 

NLD အစိုးရလက်မှ အာဏာသိမ်းစဉ်ကပင် သတင်းအစအန ပျောက်နေသော ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နှင့် ဒုဝန်ကြီး ဦးအောင်လှထွန်းတို့သည် စစ်ကောင်စီကပေးသော ဘွဲ့များနှင့်အတူ ပြန်ပေါ်ထွက်လာသည်။ ဦးဖေမြင့်ကို နေအိမ်အကျယ်ချုပ်ထားခဲ့သည်၊ ယခု ရန်ကုန်ပြန်ပို့လိုက်ပြီဟု စစ်ကောင်စီနှင့် နီးစပ်သည့်သတင်းဌာနတချို့က ဖော်ပြသည်။ သို့သော် ၎င်းတို့ သုံးသည့် သတင်းရင်းမြစ်မှာ မိသားစုနှင့် နီးစပ်သူဟူ၏။ ကာယကံရှင်များထံမှ ယခုအချိန်ထိ ဘာမှ ဖွင့်ဟမလာသေး။ စစ်ကောင်စီကမူ ဘွဲ့ကြီး ချည်ပေးလိုက်ပြီဖြစ်၏။ စစ်ကောင်စီက ဘွဲ့ပေးခဲ့သူများထဲတွင် ပို့ဆောင်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ လယ်ဆည်ဝန်ကြီး ဒေါက်တာအောင်သူတို့လည်း ပါဝင်သည်။ စစ်ကောင်စီသည် အာဏာသိမ်းမှုပြု၍ ဖမ်းဆီးစဉ်ကလည်း တပြေးညီမဖမ်း။ ဝန်ကြီးတချို့ကို ဖမ်းကာ ထောင်ထဲထည့်၍ တချို့ကို သတင်းအစအန ဖျောက်ပစ်သည်။

ဤသို့ဖြင့် ယုန်ထင်ကြောင်ထင် ဖြစ်အောင်လုပ်လေ့ရှိသည်မှာ မြန်မာစစ်အာဏာရှင်တို့၏ သဘောသဘာဝ။ ယခုလည်း ဘွဲ့များပင် ကောက်ပေးလိုက်သေး၏။ စစ်ကောင်စီ၏ သပ်လျှိုသွေးခွဲမှု ဗျူဟာ မည်မျှ ထိရောက်မည်ကို စောင့်ကြည့်ရပေဦးမည်။ 

စောအဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013