DVB Logo
Home
မြန်မာသတင်း
ရွှေဘိုနှင့် ခင်ဦးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံများ တိမ်ရှောင်နေရ
DVB
·
November 19, 2022
ရွှေဘိုနှင့် ခင်ဦးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံများ တိမ်ရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ခင်ဦးမြို့နယ်တို့မှာ စစ်‌ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီနေ့မနက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်အသံတွေကတော့ အရပ်လေးမျက်နာက ကြားနေရတယ်။ ဘယ်ပြေးလို့ပြေးရမှန်းမသိတော့ဘူး။ နေအိမ်ကနေ ထွက်ပြေးလာတာ နိုဝင်ဘာ ၁၇ ရက်နေ့ကနေ အခုအထိပဲဗျ။ ကလေးတွေရော၊ အဖေအို၊ အမေအိုတွေရောဆိုတော့ အတော်လေးကို ဒုက္ခရောက်ပါတယ်။ ကျနော်တို့ဆန္ဒကတော့ နှစ်ဖက်လုံးပြည်သူ့မျက်နာကြည့်ပြီး ဒီတိုက်ပွဲကို အဆုံးသတ်စေချင်ပြီ” လို့ ရွှေယမင်းကျေးရွာသားတဦးက ပြောပါတယ်။

ခင်ဦးမြို့နယ် လက်ယက်ကုန်းရွာအနီး တနေရာ နဲ့ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာက စိုက်ပျိုးရေးသိပ္ပံကျောင်းတပ်ဆွဲထားတဲ့ နေရာတို့မှာ  တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“တိူက်ပွဲဖြစ်တာဟုတ်ပါတယ်ဗျ။ သူတို့က ပေါင်းလှည်းကုန်းရွာကို မီးရှို့ပြီး လက်ယက်ကုန်းရွာကို မီးရှို့ဖိုထပ်လာတာကို ကြိုတင်တိုက်မိုင်း၊ ဆွဲမိုင်းတွေနဲ့ အသင့်စောင့်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်ဗျ။ အသေများမယ်။ အတိကျတော့ မသိရသေးဘူး။ အဲကောင်တွေကို ရွှေဘိုမြို့နယ် ညောင်ပင်သာရွာ စိုက်ပျိုးရေးသိပ္ပံကျောင်းကနေ လက်နက်ကြီးငယ်များ တရစပ်ရမ်းသမ်း ပစ်ကူပေးတယ်။ အဲလိုပေးနေတဲ့ ကောင်တွေကိုလည်း ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ နှစ်ဆင့်ကွဲလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်” လို ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ခင်ဦးမြို့ လက်ယက်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီး ဒေသခံကာကွယ်ရေးတပ်က ခုခံတိုက်ခိုက်တာကြောင့် ပေါင်းလှည်းကုန်းကျေးရွာထဲ ပြန်ဝင်ပြီး ဒုတိယအကြိမ်ထပ်မံမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက် မနက် ၃ နာရီလောက်ကလည်း ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာက  စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ  ၃ ယောက် သေဆုံးပြီး ၁၀ ယောက် အပြင်းအထန် ဒဏ်ရာ ရသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ နေလစင်္ကြာ - Shwebo PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

နေလစင်္ကြာ - Shwebo PDF အဖွဲ့ တာဝန်ရှိသူ တဦးက "စကစတပ်နဲ့ပျူစခန်းအနားမှာ ထောင်ထားတဲ့ တိုက်မိုင်း ၃ လုံးကို အရင်စခွဲတယ်။ အဲဒီမှာ စခန်းထဲကကောင်တွေက တလစပ်ပစ်ခတ်ပြီး ရှေ့တက်လာတော့ အဆင်သင့်ပြင်ထားတဲ့ မိုင်းကွင်းထဲ အရောက်မှာ အဝေးထိန်းမိုင်း ၃ လုံးနဲ့ ထပ်ပြီးဖောက်ခွဲခဲ့တာပါ။ ၃ ကောင်ကတော့ နေရာမှာ ပွဲချင်းပြီးသေတယ်" လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်ကလည်း ရွှေဘိုမြို့နယ် ဇီးတောရွာထိပ်မှာ စစ်ကား ၂ စီးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013