DVB Logo
Home
မြန်မာသတင်း
အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ တင်းကျပ်မှု မြန်မာများအပေါ် သက်ရောက်မှုရှိ
သုတချမ်းသာ
·
August 27, 2026
Photo : Donald J. Trump FB
Photo : Donald J. Trump FB
Donate to DVB

အမေရိကန်သမ္မတ ထရမ့်ပ် အစိုးရက အမေရိကန်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံး အားလုံးမှာ ပြည်ဝင်ခွင့်(ဗီဇာ) ထုတ်ပေးတဲ့ လုပ်ငန်းတွေကို ယာယီဆိုင်းငံ့ဖို့ ဒေသစံတော်ချိန် ဩဂုတ် ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက်က အစိုးရရဲ့ ၇၅ နိုင်ငံအပေါ် ပြည်ဝင်ခွင့်ပိတ်ပင်မှုဟာ တရားမဝင်ကြောင်း နယူးယောက်ပြည်နယ် ဖက်ဒရယ်တရားသူကြီး ဗားဂတ်စ်က ဆုံးဖြတ်ခဲ့ပြီးနောက် ထရမ့်ပ်အစိုးရဘက်က အုပ်ချုပ်ရေးအာဏာကိုသုံးပြီး သံရုံးတွေအားလုံးရဲ့ ဗီဇာထုတ်ပေးတဲ့ လုပ်ငန်းတွေ ဆိုင်းငံ့ဖို့ ကြေညာချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ဗီဇာလျှောက်ထားသူတွေရဲ့ ဘဏ္ဍာရေး၊ ကျန်းမာရေးနဲ့ ကျွမ်းကျင်မှုတွေကို တယောက်ချင်းအလိုက် စိစစ်ဖို့ ကောင်စစ်ဝန်တွေသာ အတိအလင်း အာဏာရှိကြောင်း တရားသူကြီး ဗားဂတ်စ်က ဆုံးဖြတ်ချက်မှာ ထောက်ပြခဲ့ပြီးနောက် ကောင်စစ်ဝန်နဲ့ အရာရှိတွေကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မွမ်းမံသင်တန်း မဖြစ်မနေ ပို့ချဖို့အတွက် ဗီဇာလုပ်ငန်းတွေ ဆိုင်းငံ့ဖို့ ထရမ့်ပ်အစိုးရဘက်က ကြေညာချက် ထွက်လာတာပါ။

သံရုံးတွေကို သင်တန်းပေးချိန်နဲ့ ဗီဇာလုပ်ငန်းတွေ ဆိုင်းငံ့ချိန် ဘယ်လောက်ကြာမယ် ဆိုတာတွေကိုတော့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတယောက်က “အခု မနေ့တနေ့က ထပ်ပေါ်လာတဲ့ဟာက ၂ သိန်းဆိုတာက အမေရိကန်ကို အကြောင်းအမျိုးမျိုးနဲ့ ဗီဇာလျှောက်ပြီး လာပြီး B1 နဲ့လာလာ F1 နဲ့လာလာ B2 နဲ့လာလာ၊ လာပြီးသွားရင် ဒီရောက်တော့မှ ခိုလှုံခွင့်လျှောက်တဲ့သူတွေကို ပြန်တွန်းထုတ်မှာ၊ ခုန်ချတဲ့သူတွေကို မောင်းထုတ်မှာ၊ ဒါပေမဲ့ တရားဝင်ကြေညာချက် ထွက်သေးတာ မဟုတ်ဘူး။ သတင်းထောက်ကနေ ဌာနတွင်းဝေတဲ့စာကို ရပြီး ယိုစိမ့်ထွက်လာတာ။ အဲဒါကြောင့်မို့လို့ သိလာတာ။ ဒါ အခု သတင်းယိုစိမ့်လာတာပဲ ရှိသေးတယ်။ တကယ့်တကယ်က လက်တွေ့က လုပ်နေပြီ။ အခု နောက်ဆုံးအဆင့်က ဘာလဲဆိုတော့ အဲဒါတွေ လုပ်နေတဲ့အပြင် ဘာဗီဇာမှကို မပေးတော့ဘူးကွာ၊ သံရုံးတွေအကုန် ပိတ်တယ်ဆိုပြီးတော့ လုပ်တာ ဒါပဲ။ သံရုံးက ဗီဇာလုပ်ငန်းကို ပိတ်ထားတဲ့အတွက် တဖက်လူက ဘာပဲဖြစ်နေလဲ၊ သေရေးရှင်ရေးဖြစ်နေလား၊ နာရေးဖြစ်နေသလား၊ မိသားစုအရေးပေါ်အခြေအနေ ဖြစ်နေသလား၊ ဒါတွေက သူတို့ခေါင်းထဲကို လုံးဝ ထည့်မစဉ်းစားဘူး။ ရှင်းရှင်းပြောရရင် ဆင်းရဲတဲ့နိုင်ငံတွေ ဗမာပြည်လို၊ တခြားအာရှနိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေကနေ အမေရိကန်ကို အကြောင်းအမျိုးမျိုးနဲ့ လာကြမဲ့သူတွေပေါ့။ သမီးကခေါ်လို့ အမေလာတယ်တို့၊ လာကြတဲ့လူတွေ ရောက်လာလို့ရှိရင် အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကြေး၊ လူမှုထောက်ပံ့ကြေးတွေ ယူမှာစိုးလို့ လျှောက်မှာစိုးလို့ အဲဒါတွေကို တားချင်လို့ ဒီလူတွေကို ဘယ်လိုစစ်ရမလဲ၊ ဘယ်လိုပယ်ဖျက်ရမလဲ ဆိုတာကို သင်တန်းပေးမယ်ဆိုပြီး ဒီသံရုံးတွေကို ပိတ်တာ” လို့ ပြောပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၂ ရက်မှာ ထရမ့်ပ် အစိုးရက မြန်မာအပါအဝင် ၁၉ နိုင်ငံကို အမေရိကန်လုံခြုံရေးကို ထိပါးစေတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ပြီး ပြည်ဝင်ခွင့် ပိတ်ပင်ထားတာပါ။

ဒီသတ်မှတ်ချက်ဟာ လက်ရှိအချိန်အထိ တည်ရှိနေပြီး ၇၅ နိုင်ငံ ပြည်ဝင်ခွင့်ဆိုင်ရာ တရားရုံးဘက်က ဆုံးဖြတ်ချက်နဲ့ သီးခြားဖြစ်တဲ့အတွက် မြန်မာတွေအပေါ် အမေရိကန်ဗီဇာ ပိတ်ဆို့ခံရတဲ့ အနေအထားက အပြောင်းအလဲမရှိနိုင်သေးဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ယာယီအကာအကွယ်ပေးတဲ့ အဆင့် (TPS - Temporary Protected Status) ကိုတော့ တရားရုံးက ၂၀၂၆ ဩဂုတ် ၇ ရက်နေ့မှာ အပြီးသတ် ရပ်ဆိုင်းခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတကာကနေ TPS နဲ့ ရောက်ရှိနေထိုင်သူ ၁ သန်းဝန်းကျင် ရှိနေပြီး မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ပါဝင်ပါတယ်။

အဲဒီလူတွေဟာ ဥပဒေအကာအကွယ်ရရှိရေးနဲ့ နေထိုင်ရှင်သန်ရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “မြန်မာနိုင်ငံက သီးခြား ခရီးသွားလာခွင့် ပိတ်ပင်ချက်အရ အမေရိကန်ကို ဝင်ရောက်ခွင့် အပြည့်အဝ ကန့်သတ်ခံထားရတဲ့ ၁၉ နိုင်ငံထဲမှာ အခုအချိန်အထိ ပါဝင်နေတုန်းပဲ။ အမေရိကအတွင်းမှာ ရောက်ရှိနေသူတွေ အတွက်လည်း TPS သက်တမ်းက ကုန်ဆုံးသွားပြီးတော့မှ​ မြန်မာနိုင်ငံသားတွေအတွက်ကို စိုးရိမ်ပူပန်စရာ အချိန်လို့ ပြောရင်လည်း ရတယ်ပေါ့။ မြန်မာနိုင်ငံသားတွေဟာ နေထိုင်ခွင့် တခြားဥဒေကြောင်းအရ လမ်းကြောင်းမရှာဖွေနိုင်ဘူးဆိုရင် ပြည်နှင်ဒဏ်ပေးခံရမဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရနိုင်တယ်။ ဒီလိုအဖွဲ့တွေ နားလည်တဲ့သူတွေနဲ့ ကိုယ့်ရဲ့အနေအထားတခုက မသေချာဘူးဆိုရင် တိုင်ပင်သင့်တယ်ပေါ့နော်။ ကိုယ့်ရဲ့လုံခြုံရေးအတွက် ပြင်ဆင်ထားသင့်တယ်။ အရှေ့မှာ ဆက်ပြီးတော့ တင်းကျပ်မှုတွေ ဖြစ်လာနိုင်တယ်လို့တော့ ခန့်မှန်းလို့ရပါတယ်ရှင့်” လို့ ပြောပါတယ်။

ဩဂုတ် ၂၁ ရက်မှာ အစိုးရရဲ့ ၇၅ နိုင်ငံအပေါ် ပြည်ဝင်ခွင့်ပိတ်ပင်မှုဟာ တရားမဝင်ကြောင်း တရားရုံးဘက်က ဆုံးဖြတ်ချက် ထွက်လာအောင် အာဖရိက လူမှုအသိုက်အဝန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (African Communities Together (ACT)၊ ကက်သလစ် တရားဝင် လူဝင်မှုကြီးကြပ်ရေးကွန်ရက် (CLRNIC) နဲ့ လူဝင်မှုကြီးကြပ်ရေး အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေက စုပေါင်းပြီး တရားစွဲခဲ့တာပါ။

အာရှနွယ်ဖွားတွေအရေးနဲ့ ပတ်သက်ပြီးတော့ Asian- American Legal Defence and Education Fund (AALDEF)၊ International Refugee Assistance Project (IRAP) နဲ့ Asian-American and Pacific Islanders တို့ ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

အမေရိကန်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖိအားပေးမှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာတွေဟာ ဖော်ပြပါ ဥပဒေရေးရာ အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားဖို့ လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာရင် နှစ်သိမ့်ဆွေးနွေးပေးတဲ့ ဖုန်းနံပါတ် ၉၈၈ ကို ၂၄ နာရီ ဆက်သွယ်ပြီး မြန်မာဘာသာ စကားပြန် တောင်းခံ အကူအညီယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013