
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာက ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာက လူနေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျားခဲကျေးရွာက ဦးဇော်လင်းဦး၊ ဦးကျော်လင်း၊ ဦးနိုင်ဦးနဲ့ ဦးမဲကျော်တို့ ၄ ဦးဟာ ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဉ် ကျေးရွာတွင်းပိတ်မိပြီး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ထီးလင်းဒေသခံတဦးက “ရွာထဲကို စစ်ကြောင်းထိုးတာ။ သူတို့ ၄ ဦးက ရွာထဲမှာ ပိတ်မိသွားတာ။ ပြေးချိန်မရှိလို့ ဖမ်းခံလိုက်ရတာ။ ဦးနိုင်ဦးကတော့ ပါးမျဉ်းရွာကနေ ပြန်လွှတ်လိုက်တာ။ ကျန်တဲ့ ၃ ဦးကိုတော့ ထီးလင်းမြို့ ထွေအုပ်ရုံးက စစ်ကြောရေးကို ဖမ်းဆီးသွားတယ်ဆိုတာပဲ သိရသေးတာ။ မိသားစုနဲ့တော့ အဆက်အသွယ်မရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျားခဲကျေးရွာ ဒေသခံနှစ်ဦးဖြစ်တဲ့ ဦးဇော်လင်းဦးနဲ့ ဦးမျိုးမင်းဦးတို့ရဲ့ နေအိမ်တွေကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
နိုဝင်ဘာ ၁ ရက်ကလည်း စစ်ကောင်စီတပ်သားတွေက ကျားခဲရွာက လူနေအိမ် ၁၄ လုံးနဲ့ နွားစာတိုက်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၉၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။