DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၁၀၀၀ ဝန်းကျင် တန်ဖိုးရှိကားများ ဈေးကျပြီး အရောင်းအဝယ်ပါး
DVB
·
November 18, 2022
ကျပ်သိန်း ၁၀၀၀ ဝန်းကျင် တန်ဖိုးရှိကားများ ဈေးကျပြီး အရောင်းအဝယ်ပါး
Donate to DVB

ရန်ကုန် ကားဝယ်ရောင်းဈေးကွက်မှာ ကျပ်သိန်း ၁၀၀၀ ဝန်းကျင် တန်ဖိုးရှိ ကားတွေရဲ့ ဈေးနှုန်းဟာ တစီးကို ကျပ်သိန်း ၅၀ နီးပါး ဈေးပြုတ်သွားပြီး အရောင်းအဝယ်လည်း ပါးတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးဟာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းက ပြည်တွင်းနိုင်ငံခြား ငွေကြေးဈေးကွက်မှာ ကျဆင်းနေတဲ့အတွက် ကျပ်ငွေကို လက်ထဲ ကိုင်မထားချင်တဲ့ အကျိုးဆက်ကြောင့် ငွေစက္ကူ နေရာမှာ တခြားပိုင်ဆိုင်မှုပစ္စည်း (assets) တွေဖြင့် အစားထိုးခဲ့ကြပါတယ်။

ဒါကြောင့်ပဲ ရန်ကုန် ကားဝယ်ရောင်းဈေးကွက်မှာ ဝယ်ရောင်းသမားတွေ အပါအဝင် ဝယ်စီးသူတွေ နဲ့ showroom သမားတွေက သိန်း ၁၀၀၀ ဝန်းကျင် တန်ဖိုးရှိ ကားတွေကို လိုက်လံဝယ်ယူခဲ့တဲ့အတွက် အဆိုပါကားတွေရဲ့ တန်ဖိုးက ရှိသင့်တဲ့ဈေးထက် များစွာ မြင့်တက်သွားပြီး အရောင်းအဝယ်ကလည်း သွက်ခဲ့တာပါ။

ဒါပေမဲ့ လက်ရှိမှာတော့ ရန်ကုန် ကားဝယ်ရောင်းဈေးကွက်မှာ ကျပ် သိန်း ၁၀၀၀ ဝန်းကျင်တန်ဖိုးရှိ ကားတွေရဲ့ဈေးဟာ  ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်းဆီ ပြန်ဆင်းသွားပြီလို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

ကားအရောင်းစင်တာဖွင့်လှစ်ထားတဲ့လုပ်ငန်းရှင်တဦးက "အရောင်းအဝယ်ကလည်း မရှိသလောက်ဘဲ အရမ်းပါးတယ်။ တကယ်လို့ အရောင်းအဝယ် ဖြစ်ရင်လည်း အောက်ဈေး ကျဈေးနဲ့ပဲ ဖြစ်နေတယ်။ ဥပမာ သိန်း ၃၄၀ ခေါ်ထားတဲ့ကားက အရောင်းအဝယ်ဖြစ်ရင် သိန်း ၂၈၀ ဝန်းကျင်ပဲ ရတော့မယ်။ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနဲ့ ခေါ်ထားတဲ့ ဈေးက အဲ့လိုဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ထုတ်ရောင်းတဲ့သူ များလာတဲ့အတွက် ဈေးကွက် သဘောအရ ဈေးက ကျလာတယ်။ ဒါက ဟိုတလောက ကားဈေးတွေ တက်သွားတဲ့ မတိုင်ခင်က အခြေအနေမျိုး ပြန်ရောက်သွားတာ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ အပေါ်ကားတွေရဲ့ ကားတန်ဖိုးကလည်း အောက်ကားဈေးနှုန်းနည်းတူ ပြုတ်ကျနေပြီး အရောင်းအဝယ်က မရှိသလောက် နည်းနေပါတယ်။

ကားဝယ်ရောင်းလုပ်နေတဲ့ လုပ်ငန်းရှင်တဦးက “သိန်းတထောင်ကျော်တန်ဖိုးရှိတဲ့အပေါ် ကားတွေရဲ့ ကားတန်ဖိုးကလည်း အောက်ကားဈေးတွေ ကျသလို သူလည်းပဲ ဈေးလိုက်ကျတယ်။ ဘယ်လောက်ထိ ကျလဲဆိုရင် အောက်ကားဈေးထက် ၆ ဆ လောက်ကျသွားတာ။ ဥပမာ သိန်း ၁၇၀၀ တန်တဲ့ကား အခုဆိုရင် သိန်း ၁၄၀၀ ပဲ ရတော့တယ်။ ဆိုတော့ သိန်း ၃၀၀ လောက် ဈေးကျသွားတဲ့ သဘောပေါ့။ ဒါတောင် ဒီဈေးနဲ့ ဖြစ်လားဆိုတော့ အရောင်းအဝယ် ဖြစ်တာက အရမ်းနည်းတယ်။ မရှိသလောက်ပဲ။ ကျနော်တို့ဆို အခု နောက်ဆုံးဝယ်ထားတဲ့ ကားက ရှုံးပြီ။ ဘာလို့လဲဆို ဈေးတက်တဲ့ အချိန်မှာ သွားဝယ်မိလို့” လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013