DVB Logo
Home
Lead Story
သွေးစည်းကာ ညီစေ ညီကြဖို့
DVB
·
November 18, 2022
သွေးစည်းကာ ညီစေ ညီကြဖို့
Donate to DVB

မြန်မာပြည်၏ နိုင်ငံရေးသမိုင်းကို သုံးသပ်ကြရာတွင် ပဒေသရာဇ်စနစ် ကြာရှည်စွာ ကြီးစိုးခဲ့မှုအကြောင်းလည်း ပါဝင်သည်။ သမိုင်းကြောင်း တစုံတရာ ခိုင်မာသည်ဟု ဆိုကြသော ၁၀၆၆ ပုဂံအင်ပါယာမှစ၍ ယနေ့ ၂၁ ရာစုအထိတိုင် တသွေး၊ တသံ၊ တမိန့်ဆန်သော ပဒေသရာဇ်ခေတ် အလေ့အကျင့်များနှင့်သာ အများဆုံး ဖြတ်သန်းခဲ့ရသည်။

ဒီမိုကရေစီ အငွေ့အသက်ဆိုသည်မှာ နှစ်ပေါင်း ၁၀၀၀ ကျော် နိုင်ငံရေးသမိုင်းအတွက်  အင်မတန် နည်းပါးခဲ့လှသည်။ လွတ်လပ်ရေးရပြီးခေတ်မှ ၁၉၅၈ အိမ်စောင့်အစိုးရခေတ် (ပထမဆုံး အာဏာသိမ်းကာလဆိုလည်း မမှား) အထိသာ ဒီမိုကရေစီအရသာကို ထိတွေ့ခံစားခဲ့ရသည်။ ၁၉၆၂ မှစကာ တသွေး၊ တသံ၊ တမိန့်ဆန်သည့်  အာဏာရှင်စနစ်အောက် ကျရောက်သွားရပြန်သည်။ ၂၁ ရာစုတွင်လည်း ၂၀၁၀ နောက်ပိုင်း စစ်အစိုးရဘက်မှ အပြောင်းအလဲအချို့တို့ ရှိခဲ့သည့်တိုင် ၂၀၁၅ ပြည်သူ့အစိုးရလက်ထက်ကျမှသာလျှင် ဒီမိုကရေ လေပြည်ကို ပြည်သူတို့ ပိုမိုခံစားခွင့်ရခဲ့သည်။ သို့သော် ထိုအရသာမှာလည်း ကြာရှည်မခံခဲ့ချေ။ ၂၀၂၁ စစ်အာဏာသိမ်းမှု ကြုံခဲ့ကြကာ နိဋ္ဌိတံခဲ့ကြလေသည်။ သို့ဖြစ်ရာ မြန်မာပြည်၏ နိုင်ငံရေးသမိုင်းတလျှောက် ဒီမိုကရေစီခေတ်ကို ပြည်သူတွေ ကြုံခဲ့ကြရသည်မှာ ပဒေသရာဇ်ခေတ်၊ စစ်အာဏာရှင်ခေတ်တို့နှင့် နှိုင်းစာသော် လွန်စွာတိုတောင်းခဲ့လေသည်။

ဒုတိယမြောက် သုံးသပ်ကြသည်မှာ မြန်မာ့နိုင်ငံရေးသမိုင်း၏ အကွဲအပြဲများအကြောင်းပဲ ဖြစ်သည်။ GCBA အဖွဲ့ကြီးမှစ၍ ၁၉၂၃ ခုနှစ်ဦးပိုင်းတွင် ဒိုင်အာခီအုပ်ချုပ်ရေးပေါ် မူတည်ကာ ပထမဆုံး ကွဲခဲ့ကြသည်။ ဘကြီးဘဖေ ခေါင်းဆောင်သည့် “၂၁ ဦး ဂျီစီဘီအေ” နှင့် “ဦးချစ်လှိုင်၊ ဂျီစီဘီအေ” ဟူ၍ နှစ်ခြမ်းကွဲခဲ့ကြခြင်းဖြစ်သည်။ ၁၉၂၅ ခုနှစ်တွင် “ဦးစိုးသိန်း ဂျီစီဘီအေ” အဖွဲ့   ခွဲထွက်ကာ ၁၉၂၉ ခုနှစ်တွင်မူ “ဦးစု ဂျီစီဘီအေ” ထပ်မံခွဲထွက်ပြီး မြန်မာများအသင်းချုပ်ကြီး အားနည်းပြိုကွဲသွားခဲ့ရသည်။

ဂျီစီဘီအေအသင်းကြီး ပြိုကွဲသွားပြီးနောက် ‘ဒို့ဗမာအစည်းအရုံး’ကို ထူထောင်ခဲ့ကြပြန်သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ပုံငွေရှာဖွေရေးနှင့်စပ်လျဥ်းပြီး သဘောထားကွဲလွဲကြရာမှ ဦးဆောင်သူ သခင်ဘသောင်း ထွက်ခွာသွားခဲ့၏။ ၁၉၃၈ ခု ‘ဒို့ဗမာအစည်းအရုံး’ တတိယညီလာခံတွင်မူ နိုင်ငံရေးသြဇာ ကြီးထွားလာသော လက်ဝဲကျောင်းသားတွေ ဝင်ရောက်လာမှုကို မကျေနပ်သည့် သခင်ဗစိန် အစည်းအရုံးနှင့် သခင်ကိုယ်တော်မှိုင်း အစည်းအရုံးဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့ပြန်သည်။

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲသမိုင်းစဥ်တလျှောက် စည်းရုံးမှုအရှိဆုံးနှင့် အင်အားအတောင့်တင်းဆုံး အင်အားစုမှာ ဖဆပလ တပ်ပေါင်းစုကြီးသည်ပင် အကွဲအပြဲနှင့် မလွတ်ကင်းခဲ့ချေ။ ဖဆပလသည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်ပါတီ)နှင့် တပ်မတော် ဆိုသည့် အင်အားစုကြီး သုံးစုဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ချုပ်ကြီးတစ်ခု ဖြစ်သည်။ ယင်း ဖဆပလ အဖွဲ့ထဲတွင် ကွန်မြူနစ်ပါတီထဲမှ နစ်ဖြူနှင့် နစ်နီ အကွဲများ ပေါ်ပေါက်ခဲ့သည်။ 

ထို့ပြင် ၁၉၄၆ခုနှစ် ဇူလိုင်လတွင် အလံနီပါတီကို လည်းကောင်း၊ အောက်တိုဘာလတွင် ဗကပအဖွဲ့ကို လည်းကောင်း၊ ဖဆပလ အဖွဲ့ကြီးထဲမှ ထုတ်ပယ်လိုက်ခြင်းဖြင့် ကွဲအက်ကြောင်းတို့ ထင်းလာခဲ့သည်။ တတိယအကွဲမှာ လွတ်လပ်ရေးခေတ်ဦး လက်ဝဲညီညွတ်ရေးအတွက် ဦးနု ထုတ်ပြန်မည့် နု-မူ ထောက်ခံသူနှင့် မထောက်ခံသူတို့အကြား ဖဆပလအတွင်းရှိ ပြည်သူ့ရဲဘော်တို့အကြား ‘ရဲဘော်ဖြူ’နှင့် ‘ရဲဘော်ဝါ’တို့ နှစ်ဖွဲ့ကွဲသွားပြီး နောက်ဆုံး ရဲဘော်ဖြူတို့ တောခိုသွားကြတော့သည်။ ဖဆပလအတွင်း ပြည်သူ့အရေးတော်ပုံပါတီမှ ဆိုရှယ်လစ်ပါတီ အသွင်ပြောင်းထားသည့် အဖွဲ့အစည်းလည်း ၁၉၅၀ ပြည့်နှစ်တွင်  ဆိုရှယ်လစ်ပါတီနှင့် ဆိုရှယ်နီပါတီဟူ၍ နှစ်ဖွဲ့ ကွဲထွက်သွားခဲ့၏။ နောက်ဆုံး အကွဲအပြဲမှာ ၁၉၅၈ ခုတွင် ဖဆပလအဖွဲ့ကြီးအတွင်း  ဦးနုနှင့် သခင်တင်တို့၏ နု-တင်(သန့်ရှင်း)၊ ဦးဗဆွေ-ဦးကျော်ငြိမ်းတို့၏ ဆွေ-ငြိမ်း(တည်မြဲ) ဆိုသည့်  ပုဂ္ဂိုလ်ရေးဂိုဏ်ကြီး ကွဲထွက်သွားခြင်း ဖြစ်တော့သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို ခြုံငုံသုံးသပ်လျှင် အကွဲအပြဲများစွာဖြင့် သံသရာလည်နေသော နိုင်ငံရေးဒရာမာ ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်ပင်ဖြစ်တော့သည်။

ဤသည်တို့မှာ ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်လွန် လတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံရေး ဖြစ်စဉ်အတွင်း တော်လှန်ရေးအင်အားစုများအကြား မညီညွတ်မှုများပဲ ဖြစ်သည်။ ယင်းသို့ အကွဲအပြဲများ၊ မညီညွတ်မှုများက စစ်အာဏာရှင်ခေတ်တိုင် တော်လှန်ရေးအင်အားစုများ အကြားတွင် ဆက်လက်တည်ရှိခဲ့ပါသည်။ မဆလ တပါတီ အာဏာရှင်ခေတ်တလျှောက် အကြီးမားဆုံး အုံကြွမှုဖြစ်သည့် ၁၉၈၈ အရေးတော်ပုံတွင် ပြည်သူတရပ်လုံး ပါဝင်ခဲ့ကြသည့်တိုင် ဖိနှိပ်သူ စစ်အာဏာရှင်တို့ကို အမြစ်ပြတ်အောင် အပြီးတိုင် ဖြိုချနိုင်ခြင်း မရှိခဲ့ပါ။ နိုင်ငံရေးခေါင်းဆောင်မှု အားနည်းခြင်း၊ စနစ်တကျ တပ်ပေါင်းစု မဖွဲ့စည်းနိုင်ခဲ့ခြင်းတို့ကြောင့် စစ်အုပ်စု၏ သပ်လျှိုသွေးခွဲမှုများအောက်တွင် ဝါးအစည်းပြေသလို ဖြစ်ခဲ့ရပြန်ပါသည်။ အဓိကမှာ စစ်အုပ်စုဘက်က မည်မျှသပ်လျှိုသွေးခွဲစေကာမူ မိမိတို့ဘက်မှ ခိုင်မာကျစ်လျစ်သော ညီညွတ်မှုကို ရရှိထားပါက မည်သို့မျှ ပြိုကွဲသွားမည်မဟုတ်ပါ။ လက်တွေ့မှာတော့ ထိုသို့ မဟုတ်ခဲ့ပါချေ။

လက်ရှိနွေဦးတော်လှန်ရေးသည် မြန်မာပြည်ရှိ ယခင်အဆက်ဆက် အုံကြွမှုများနှင့်ပင် မတူ။ ထူးခြားသော လက္ခဏာများဆောင်လျက်ရှိသည်။ တတိုင်းပြည်လုံးရှိ လူထု၏ နိုင်ငံရေးအသိ ရေချိန်၊ စိတ်အားထက်သန်မှု၊ စိတ်ပိုင်းဖြတ်မှုတို့က တက်ကြွ အားကောင်းလျက်ပင်။ ထို့အတွက်ကြောင့် တော်လှန်ရေးကာလ တစ်နှစ်ခွဲကျော်လာသည့်တိုင် အရှိန်အဟုန်‌ ကောင်းကောင်းနှင့် ဆက်လက်ချီတက်နေနိုင်ခြင်း ဖြစ်သည်။ သို့သော် တော်လှန်ရေးကို အဓိက ဦးဆောင်နေကြသည့် အစိုးရ၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးအင်အားစုများကြား ပူးပေါင်းဆောင်ရွက်မှု၊ စုစည်းညီညွတ်မှုတို့က လက်ရှိတော်လှန်ရေးကိုရော၊ ပြည်သူလူထုအပေါ်ကိုပါ သက်ရောက်မှုရှိစေပါသည်။ ဖိနှိပ်သူ စစ်အာဏာရှင်ကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ညီညီညွတ်ညွတ် တိုက်ကြဖို့လိုသည်။ သည်လိုမှမဟုတ်ဘဲ သူတို့အချင်းချင်းကြား လူမျိုးစွဲ၊ ဝါဒစွဲ၊ အဖွဲ့စွဲ၊ ပြည်နယ်စွဲ စသဖြင့် အစွဲပေါင်းစုံဖြင့် ညီညွတ်မှုကို မတည်ဆောက်နိုင်ပါက စစ်အာဏာရှင်တော်လှန်ရေးကို များစွာထိခိုက်နစ်နာစေပါသည်။ ပြည်သူများအတွက်လည်း စိတ်ဓာတ်ကျဆင်းစေသည်ကို သတိပြုကြစေလိုပါသည်။

တော်လှန်ရေး ဦးဆောင်အဖွဲ့များအနေဖြင့် မိမိတို့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား၊ အဖွဲ့အစည်း အကျိုးစီးပွားထက် ကျော်လွန်ကာ ပြည်သူ့အကျိုးစီးပွားကိုကြည့်၍ လုပ်ဆောင်ကြဖို့ လိုအပ်ပါသည်။ တိုင်းပြည်ကို ခေတ်အဆက်ဆက် ဖျက်ဆီးလာသော၊ တိုင်းရင်းသားပြည်သူ တရပ်လုံးအပေါ် ခေတ်အသီးသီးတွင် ဖိနှိပ်ရက်စက်လာသော စစ်အာဏာရှင်များကို မိမိတို့ တော်လှန်သော အင်အားစုများဘက်မှ အမှန်ဧကန် တိုက်ဖျက်ဖို့ စိတ်ဆန္ဒရှိသည်ဆိုပါလျှင် ပြည်သူ့အကျိုးကိုပဲ ကြည့်ကာ တော်လှန်​ရေးအင်အားစု အချင်းချင်းကြား ခိုင်မာကျစ်လျစ်သော ညီညွတ်ရေးကို တည်ဆောက်ကြပါကုန်။

ပြည်သူကို တော်လှန်စိတ်ဓာတ် လျော့ကျစေမည့်၊ တော်လှန်ရေးကို ပြိုကွဲစေမည့်၊ ဖိနှိပ်သူ စစ်အုပ်စု အကြိုက်တွေ့စေမည့် မညီညွတ်မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ လိုအပ်ပါသည်။ မြန်မာနိုင်ငံရေး သမိုင်းတလျှောက် မိမိတို့ တော်လှန်ရေးအင်အားစုကြီးဘက်မှ အဓိက အားနည်းချက်ကြီး ဖြစ်သော မညီညွတ်ခဲ့ကြသည့်အကြောင်းကို သင်ခန်းစာယူဖို့ လိုအပ်ပါသည်။ 

ယနေ့အချိန်အခါသည် စစ်အာဏာရှင်စနစ်ကို အမြစ်မှစ၍ ​​ဖြိုလဲရန် အချိန်အခါကောင်း၊ အခွင့်အ‌ခါ‌ကောင်းလည်း ဖြစ်သည့်အတွက် ခိုင်မာကျစ်လျစ်သော ညီညွတ်ရေး တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။

နွေဦးဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013