
တာကျိုးကျလို့ အရေးပေါ်အနီရောင်အဆင့် သတ်မှတ်ပြီး ပြုပြင်နေရတဲ့ ဧရာဝတီတိုင်း၊ ညောင်တုန်း မြို့နယ်က ဂန်ချောင်း-ထုံးဝ တာကို စိတ်ချရတဲ့ အခြေအနေရောက်မှ စစ်အာဏာရှင် မင်းအောင်လှိုင် လာကြည့်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်တုန်းမြို့နယ် ၊ ချောင်းဖျားကျေးရွာအနီးက ဧရာဝတီမြစ်ခွဲရဲ့ ရေကာတာဖြစ်တဲ့ ဂန်ချောင်း- ထုံးဝတာဟာ ရေတိုက်စားမှုကြောင့် ဩဂုတ် ၂၅ ရက် မနက်အစောပိုင်းက အလျား ပေ ၃၀၀ ၊ အနံ ပေ ၆၀ လောက် ကျိုးပဲ့ကျသွားတာပါ။
တာကျိုးပဲ့ကျသွားတဲ့အတွက် မီးသတ်နဲ့ ဒေသခံတွေအပါအဝင် ဒေသဆိုင်ရာအဖွဲ့အစည်းတွေ ဝိုင်းဝန်းပြီး ပန်တာတည်ဆောက်ခြင်း၊ တာဟောင်းကို တုတ်ရိုက်ပြုပြင်ခြင်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
တာပြင်ရာမှာ သွားကူညီနေတဲ့ ညောင်တုန်းမြို့က ဒေသခံတယောက်က "မနက်က ၉ နာရီလောက် မင်းအောင်လှိုင် လာသွားတယ်။ ထုံးစံအတိုင်းပေါ့၊ ဟိုကြည့်ဒီကြည့်နဲ့ ဟိုလိုလုပ် ဒီလိုလုပ် ဆိုပြီး ဆရာလုပ်သွားတာပေါ့"လို့ DVB ကို ပြောပါတယ်။
ကျိုးသွားတဲ့တာကို နေ့ည ဝိုင်းဝန်းပြုပြင်နေတဲ့အတွက် လက်ရှိမှာ စိုးရိမ်ရတဲ့အခြေအနေက တဖြေးဖြေးလျော့လာပေမဲ့ မကြာမီ မြစ်ရေတက်ရက်နဲ့ ကြုံရမှာဖြစ်လို့ လုံးဝစိတ်ချရတဲ့ အခြေအနေမဟုတ်သေးဘူးလို့ ဒေသခံက ပြောပါတယ်။
တာဟာ လူနေအိမ်တွေနဲ့ နီးကပ်နေတာကြောင့် အနီးက နေအိမ်တွေ ရွေ့ပေးရတာရှိတဲ့အပြင် ဒေသခံတွေရဲ့ ကွမ်းခြံတွေလည်း ဖျက်ပေးရတာကြောင့် အိမ်ထောင်စု ၈ စုလောက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေက လျော်ကြေးပေးမယ်လို့ ပြောထားပေမဲ့ လက်ရှိအချိန် ၅ ရက်ကြာသည်အထိ တပြားမှ မရသေးဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ငဝန်တာကျိုးတုန်းကလည်း ၉ ရက်ကြာမှသာ လေယာဉ်နဲ့ ပတ်ကြည့်ခဲ့တာ တွေ့ရပါတယ်။
ငဝန်တာကျိုးခဲ့တဲ့ လေးမျက်နှာမြို့နယ်ဟာ ရခိုင်တပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိတာကြောင့် မင်းအောင်လှိုင်ဟာ လေးမျက်နှာအထိမသွားဘဲ အဲဒီအချိန်က ရေမကြီးသေးတဲ့ ဟင်္သာတမြို့နယ်ထဲက လဟာပရွာကိုသာသွားရောက်ခဲ့ပေမဲ့ စစ်အာဏာရှင် အာဘော်သတင်းစာတွေကနေ လေးမျက်နှာ ရေဘေးဒုက္ခသည်တွေနဲ့ တွေ့တယ်ဆိုပြီး သတင်းလွှင့်ခဲ့ ပါတယ်။











