DVB Logo
Home
Lead Story
နွံ (ဆောင်းပါး)
DVB
·
November 15, 2022
နွံ (ဆောင်းပါး)
Donate to DVB

မင်းအောင်လှိုင်တို့ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်က ချွတ်ခြုံကြလာတဲ့ မြန်မာနိုင်ငံမှာ လူလိမ်၊ သူခိုး၊ ဓားပြတို့အပြင် နောက်ထပ်ရှိလာတဲ့ ပြဿနာတခုကတော့ လောင်းကစားပါပဲ။

စာရေးသူတို့ ငယ်စဉ်ကလေးဘဝမှာ ‘ချဲထိုးရင် တဲထိုးရမယ်’ ဆိုတဲ့ စကားနဲ့ ရင်းနှီးခဲ့ပြီးနောက် တနေ့နှစ်ကြိမ် ကစားရတဲ့ ထိုင်းနှစ်လုံးထီ ပေါ်ပေါက်လာခဲ့ပါတယ်။ တလမှာ နှစ်ခါသာထွက်တဲ့ ချဲမှာတော့ လောင်းကစားရဲ့ဒဏ်ကို သိသိသာသာ မခံကြရပေမဲ့ တနေ့နှစ်ကြိမ်ထွက်တဲ့ ထိုင်းနှစ်လုံးထီကြောင့် မိသားစုဘဝတွေ ပြိုကွဲရတာတွေကိုတော့ မကြာခဏ ကြားဖူးခဲ့ကြမယ်လို့ ထင်ပါတယ်။

အခုချိန်မှာတော့ အင်တာနက်မှာ တရက်ကို ၆ ကြိမ်အထိထွက်တဲ့ လောင်းကစားတွေပါ ရှိလာပြီး အကောင် ၅၀ နဲ့ ကစားရတဲ့ ၃၆ ကောင်လို လောင်းကစား application တွေပါ Playstore ကနေ ရယူကစားလို့ ရနေကြပြီဖြစ်ပါတယ်။ ပုံမှန်ဝင်ငွေရရှိဖို့တောင် မလွယ်တော့တဲ့အချိန် ငွေကြေးလိုအပ်ချက်ကြောင့် နီးစပ်ရာ လောင်းကစားကို ကစားမိတဲ့သူတွေဟာ နစ်သည်ထက်နစ်ရင်း အကြွေးနွံထဲ ရောက်ကုန်ကြရပါတယ်။

စာရေးသူရဲ့ ပတ်ဝန်းကျင်မှာကိုပဲ လောင်းကစားကြောင့် ဘဝပျက်သူတွေ၊ ဘဝမပျက်ပေမဲ့ ဘဝခက်ကုန်သူတွေ အမြောက်အမြားကို မြင်တွေ့လာရပါတယ်။

“အရင် တရက်နှစ်ကြိမ်ထွက်တဲ့ နှစ်လုံးထီတောင် ဘဝတွေပျက်လိုက်ကြတာဗျာ။ အခုက တရက် ၆ ကြိမ်ဆိုတော့ သွားပြီလေ” လို့ အစချီကာ ကိုအေးက ဒူဘိုင်း နှစ်လုံးထီအကြောင်း ပြောပြပါတယ်။

“လောဘဗျ၊ ဒီကစားနည်းတွေရဲ့ ချုပ်ကွက်က လောဘပဲ။ ပေါက်ဖို့လွယ်သယောင်နဲ့ ဟိုလူဘယ်လောက်ပေါက်တယ်။ ဒီလူဘယ်လောက်ပေါက်တယ်နဲ့ ကြားလိမ့်မယ်။ ကြားထဲက ကော်မရှင်စားနဲ့ ရောင်းတဲ့သူတွေကိုယ်တိုင်ကလည်း သူတို့ ဘယ်လောက်ပေါက်ကြောင်း၊ ဘယ်သူဘယ်လိုပေါက်ကြောင်း၊ သူတို့ ဘယ်လိုလျော်ကြောင်းတွေ ဖေ့စ်ဘွတ်ခ်မှာ တင်တင်ပြနေကြတော့ စိတ်မခိုင်တဲ့သူ လိုက်ထိုးမိပြီး နွံထဲကျတာပဲ”လို့ ဆက်ပြောပါတယ်။

ကိုအေးက လောင်းကစားမလုပ်ပေမဲ့ ကိုအေးရဲ့ အစ်ကိုဝမ်းကွဲတယောက် လောင်းကစားနဲ့ ဘဝပျက်လုလု ဖြစ်ခဲ့ရသူပါ။

“သူတို့က ပေါက်တဲ့အလှည့်တွေလည်း ရှိတော့ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ပြဿနာက ဒါလုပ်နေရင် တခြားအလုပ် မလုပ်နိုင်တော့ဘူး၊ တခြားအလုပ် မလုပ်နိုင်မှတော့ လူက ကိုယ်ရည်ကိုယ်သွေးကျပြီပေါ့။ အဲဒါ ဘဝပျက်ဖို့လမ်း စတာပဲ” လို့ ကိုအေးက ပြောပါတယ်။

တခါက မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်း မောင်မောင်နဲ့ လက်ဖက်ရည်ဆိုင်မှာ ဆုံတုန်း စကားပြောဖြစ်ရင်း နှစ်လုံးထီအကြောင်း စကားစပ်မိတော့ “အပူစာပါဗျာ။ အရင်က ကျနော်လည်း ကော်မရှင်စား ရောင်းသေးတယ်။ နောက်ကျတော့ သူတို့အပူတွေမြင်တော့ ကိုယ်လည်း မလိုချင်တော့ဘူး။ ကျနော်ရမယ့် အကြွေးတွေတောင် မယူတော့ဘဲ လျှော်ပေးလိုက်တယ်။ ကျနော်လည်း အဲဒီနောက် မရောင်းတော့ဘူး” လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

မောင်မောင်က အထည်ချုပ်စက်ရုံတရုံမှာ အလုပ်ကြပ်ရာထူးနဲ့ အလုပ်လုပ်နေသူပါ။ “ကျနော်တို့လမ်းထဲက အဒေါ်တယောက်ဆိုရင် သူရော သူ့ယောက်ျားရောက ဝင်ငွေရတဲ့ ဘာအလုပ်မှမရှိဘူး။ အဲဒါ သူက နေ့တိုင်း နှစ်လုံးထီကစားပြီး ရတာလေးနဲ့ ရပ်တည်နေကြတာ၊ ရတဲ့အပတ်လည်းရ၊ ကုန်တဲ့အပတ်လည်းကုန်၊ အကြွေးတင်တဲ့အခါလည်း တင်ပေါ့ဗျာ။ သူတို့ကတော့ အသက်တွေလည်းကြီးပြီဆိုတော့ တခြားအလုပ်ကလည်းမရှိ၊ သားသမီးကလည်းမရှိနဲ့။ လူငယ်ဆိုရင်တော့ အဲလိုနေရင် ဘဝ ဘယ်တိုးတက်တော့မလဲ” လို့ ဆက်ပါတယ်။

“ကျနော့်ဆိုင်က ကလေးတယောက်ဆိုလည်း ကျနော် တော်တော်ပြောလိုက်ရတယ်။ မဟုတ်ရင် ကျနော်လည်း သူ့ကိုဖြုတ်တော့မှာ။ အချိန်ပြည့် ဒါဘဲ စိတ်ထဲရှိနေတော့ တခြား ဘာလုပ်လုပ် အဆင်မပြေတော့ဘူး။ စိတ်ဝင်စားမှုမရှိတော့ဘူး။ သူတို့ဆို လူငယ်လေးတွေ၊ လူညွန့်တုံးတာပေါ့ဗျာ” လို့ ကွန်ပျူတာပြင်ဆိုင်ဖွင့်ထားတဲ့ ကိုကျော်က ပြောပါတယ်။

“တကယ်တော့ဗျာ လောင်းကစားဆိုတာ အပျော်ထက်ပိုပြီး စီးပွားဖြစ်လုပ်ချင်လို့ မရဘူး။ အရင်က ဘုရားပွဲတွေမှာ လောင်းကစားဝိုင်းထောင်ဖူးတဲ့ ကျနော့်ဦးလေးတယောက်က ပြောဖူးတယ်။ လောင်းကစားလာလုပ်တဲ့သူတချို့ဆို သိပ်သနားဖို့ကောင်းတယ်။ ပေါက်မလား ပေါက်မလားနဲ့ တနေကုန်ထိုးရင်း နောက်ဆုံး အိမ်ပြန်ဖို့ လမ်းစရိတ်ပါ မကျန်ဘူးလို့ ပြောပြတယ်”လို့ ဆိုပါတယ်။

ဒူဘိုင်းနှစ်လုံးထီရောင်းတဲ့တယောက်ဆီက သိရတာတော့ တရက်တရက် ထိုးကြတာ သိန်းပေါင်း ရာနဲ့ ထောင်နဲ့ချီတယ်လို့ ကိုကျော်က ပြောပြပါသေးတယ်။ 

“ဒါတောင် ကျနော်သိတဲ့ အသိုင်းအဝိုင်းလေးတခုနော်။ နောက်ထပ် ဒီလိုလူတွေ ဘယ်နှစ်ယောက် ဘယ်နှစ်နေရာမှာ ရှိနေမလဲ စဉ်းစားကြည့်”လို့ဆိုပါတယ်။

သူတို့ဆီကကြားရတဲ့ နှစ်လုံးထီအကြောင်းတွေကို တွေးမိရင်း ကောင်း၏ မကောင်း၏ကိုလည်း မပြောလို။ အပြစ်ရှိ၏ မရှိ၏ကိုလည်း မငြင်းလို။ တရက်တည်း ၃၅ သိန်းရှုံးလို့ဆိုပြီး ငိုနေတဲ့ စာရေးသူ သူငယ်ချင်းရဲ့ အစ်မတယောက် ငိုနေသံကို ကြားယောင်မိရင်း စိတ်မသက်သာစွာ သက်ပြင်းရှည်တချက်သာ ချလိုက်မိပါတော့တယ်။

ဥဿာဆန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013