
မြန်မာနယ်စပ်အနီးတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) တပ်ဖွဲ့တွေအနေနဲ့ တက္ကနက်ဖ် နယ်စပ်တစ်လျှောက် စောင့်ကြည့်နေပြီး ကင်းလှည့်တာတွေကိုလည်း ပိုမိုတိုးမြှင့်ထားတယ်လို့ BD News 24 ဘင်္ဂလားဒေ့ရှ် သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်သံတွေက တက္ကနက်ဖ်နယ်စပ်အထိ ကျယ်လောင်စွာ ထွက်ပေါ်လာသောနေလို့ အနီးနားရှိ ဘင်္ဂလားဒေ့ရှ် ကျေးရွာတွေက ရွားသားတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကကတော့ ပေါက်ကွဲသံတွေ ကျယ်လောင်စွာ ထွက်ပေါ် နေပေမဲ့ ပြည်သူတွေ ထိတ်လန့်စရာ အကြောင်းမရှိကြောင်နဲ့ အလန့်တကြားမဖြစ်ကြဖို့ ဒေသခံတွေ ကို တိုက်တွန်းထားပါတယ်။
အဆိုပါ ပေါက်ကွဲသံတွေဟာ မြန်မာစစ်အာဏာရှင်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား ဖြစ်ပွား နေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဖြစ်နိုင်ပြီး ဗုဒ္ဓဟူးနေ့ ည ၉ နာရီခွဲလောက်ကစလို့ တက္ကနက်ဖ် နယ်စပ်တလျှောက် အမြောက်တွေနဲ့ မော်တာ စိန်ပြောင်း ပေါက်ကွဲသံတွေ တချက်တချက် ကြားနေရတယ်လို့ ဆိုပါတယ်။
တက္ကနက်ဖ် အခြေစိုက် အမှတ် (၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မိုဟာမက်ဟာနီဖာ ရာမန်ဘူယန်က “ညဘက်မှာ နယ်စပ်တဖက်ကမ်းကနေ အလွန်ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ အများအပြား ကြားခဲ့ရပါတယ်။ ဒါပေမဲ့ ထိတ်လန့်စရာ အကြောင်းမရှိပါဘူး။ BGB တပ်ဖွဲ့တွေအနေနဲ့ တက္ကနက်ဖ် နယ်စပ်တလျှောက် သတိအပြည့်နဲ့ စောင့်ကြည့်နေပါတယ်။ တက္ကနက်ဖ် နယ်စပ်မှာ ကင်းလှည့်တာတွေကိုလည်း ပိုမိုတိုးမြှင့်ထားပါတယ်”လို့ ပြောပါတယ်။
နယ်စပ် ရှားပူရီဒွစ်ကျွန်းမှ ဒေသခံတယောက်က “ညဘက်မှာ မြန်မာဘက်ခြမ်းကနေ ရုတ်တရက် အလွန်ကျယ်လောင်တဲ့ အသံကြီး ထွက်လာတယ်။ ဒီတခါတော့ အိမ်တွေပါ တုန်ခါသွားတယ်။ ဒါပေမဲ့ တဖက်ကမ်းက ဘယ်နေရာမှာ တိုက်ပွဲဖြစ်နေလဲဆိုတာကိုတော့ အတိအကျ ပြောရ ခက်ပါတယ်”လို့ ပြောပါတယ်။
တက္ကနက်ဖ် မြို့နယ်အတွင်း နေထိုင်သူ ဇီယာအာ ရာမန်ကလည်း အလွန်ကျယ်လောင်တဲ့ အသံ ၅ ချက်၊ ၆ ချက်လောက် ဆက်တိုက်ကြားခဲ့ရတယ်လို့ ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်ကလည်း ပေါက်ကွဲသံကြီးတွေဟာ နတ်မြစ်ကို ဖြတ်ကျော်ကာ တချက်တချက် ပဲ့တင်ထပ်နေခဲ့ကြောင်း ပြောကြားခဲ့ပြီး “နယ်စပ်မှာ နေထိုင်တဲ့ ဒေသခံတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ တကျော့ပြန် ပေါ်ပေါက်လာတယ်”လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
မောင်တောမြို့အဝင် မုခ်ဝနဲ့ အမှတ် ၅ နယ်ခြားစောင့်တပ် ဌာနချုပ်ဟောင်းတွေကို ဇူလိုင် ၁ ရက် ည ၁၀ နာရီဝန်းကျင်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ လေယာဉ်အုပ်စုလိုက်သုံးပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်သွားတာလို့ မောင်တောဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဇူလိုင် ၁ ရက် တရက်တည်းမှာ ရခိုင်က နယ်စပ်မြို့တွေဖြစ်တဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေရှိ သူ့တို့ရဲ့ တပ်စခန်းဟောင်းအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေကြား လေကြောင်းအန္တရာယ် အထူးစိုးရိမ်နေကြတယ်လို့ ဘူးသီးတောင်ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်ရှိ ဆုံးရှုံးသွားတဲ့ မြို့ရွာတွေကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်လာနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ ဆက်တိုက် မြင့်တက်လာနေပါတယ်။
Source: BD News 24











